ပြည်ပမှ ဝယ်ယူတင်သွင်း ရောင်းချသည့် ဆီများ၌ ပြည်တွင်းမှ ထုတ်လုပ်သော ဆီကို ရောနှော ရောင်းချမှုများ ရှိနေနိုင်ကြောင်း သက်ဆိုင်ရာ တာဝန်ခံများထံမှ သတိပေးမှုများ ထွက်ပေါ်လာသော်လည်း ကိုင်တွယ်ထိန်းချုပ်စွမ်းကမူ အားနည်းနေသေးသည်။
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန အမှတ် ၅ ဓာတ်မြေသြဇာ စက်ရုံမှ ချက်ဆီအပိုင်း ကြီးကြပ်ရေး အဖွဲ့ ဒုစက်ရုံမုှူး ဒေါ်နီလာဦးက “နိုင်ငံခြားက တင်သွင်းလာတဲ့ ဆီဈေးက ဈေးကြီးတယ်။ ပန့်နဲ့ ရောင်းတဲ့ စက်သုံးဆီဆိုင်တွေမှာ ဝိသမ လောဘတွေနဲ့ ဈေးနည်းတဲ့ ချက်ဆီနဲ့ ပြန်ရောရောင်းတာတွေက လုပ်မှာပါပဲ။ သွားစစ်တဲ့အချိန်မှာ မလုပ်ပေမယ့် ကွယ်ရာမှာ လုပ်ကြတယ်။ ချက်ဆီကို အရောင်ဆိုး ရောင်းပါလို့ ပြောထားပေမယ့်လည်း လုပ်ချင်မှ လုပ်မယ်။ စည်းကမ်းနဲ့ ထိထိရောက်ရောက် အရေးယူသင့်တယ်။ ချက်ဆီတွေက ပီပါလိုက် အထက်ဘက်ကို သွားတာ များတယ်” ဟု ပြောသည်။ ဆက်လက်ပြီး ” ချက်တဲ့ လုပ်ငန်းတွေက တရားမဝင် ချက်လုပ်တာတွေ ရှိတယ်။ သက်ဆိုင်ရာ အာဏာပိုင်နဲ့ ရန်ပုံငွေ ပေး လုပ်နေကြတာရှိတယ်။ အခုက တရားဝင် လိုင်စင် ချထားပေးတာ စစ်ကိုင်းတိုင်းမှာ ၁၁၂ ဦးရှိတယ်” ဟု ပြောသည်။
ကျန်ဒေသများရှိ ချက်ဆီ ထုတ်လုပ်သည့် တနိုင်တပိုင် လုပ်ငန်းများကိုလည်း လိုင်စင်များ ထပ်မံ ထုတ်ပေးရန် ရှိကြောင်း ဆိုသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စီးပွားဖြစ် ထုတ်လုပ်၍ မရသော ရေနံ လက်ယက်တွင်းများကို ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဒေသဖွံ့ဖြိုးရေးအတွက် တနိုင်တပိုင် လုပ်ကိုင်ခွင့် ပေးထားသည်။
ယင်းလက်ယက်တွင်းများမှ ထွက်ရှိသော ရေနံစိမ်းကို ရေနံချက်ဖိုများဖြင့် ထုတ်လုပ်ပြီး ရရှိလာသော ဆီမှာ ဒီဇယ်ဆီ အမျိုးအစားဖြစ်သည်။ ယင်းချက်ဆီများကို စစ်ကိုင်းတိုင်းတွင် မုံရွာ၊ ကျောက်ကာ၊ ဖန်းခါးကျင်း၊ ဧရာဝတီတိုင်းတွင် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူ၊ မန္တလေးတွင် မြင်းခြံ၊ တောင်သာနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့တွင် ချက်လုပ်ကြသည်။
အဆိုပါ ချက်ဆီများကို စက်သုံးဆီဆိုင်များတွင် ရောနှောရောင်းချခြင်း မပြုလုပ်ရန် ဥပဒေ ရှိသည်။
လက်ရှိ ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီ အမျိုးအစားများမှာ ဒီဇယ်ဆီ၊ အောက်တိန်း ၉၂ ၊ အောက်တိန်း ၉၅၊ ပရီမီယံ ဒီဇယ်တို့ဖြစ်သည်။
မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က “တချို့က ကိုယ့် အကျိုးစီးပွား အတွက် ရောရောင်းတယ်။ ချက်ဆီဆိုလည်း ချက်ဆီပါလို့ အမည်တပ်ပြီး ရောင်းပေးဖို့ လိုတယ်။ ချက်ဆီကို လိုချင်သူက ဝယ်ပါစေ။ တချို့ ချက်ဆီဆိုရင် အင်ဂျင်ဝိုင် အဟောင်းတွေနဲ့ ပြန်ချက်တဲ့ ဆီတွေတောင်ရှိတယ်။ ဆီအမည်တွေကို တပ်ရောင်းဖို့ ကျနော်တို့ အချိန် တလအတွင်း ဆောင်ရွက်မယ်” ဟု ပြောသည်။
ပြည်တွင်းစက်သုံးဆီ ဈေးကွက်အတွင်း စက်သုံးဆီ အရည်အသွေးနှင့် ပတ်သက်ပြီး ဝေဖန်ခံနေရပြီး ချက်ဆီ ရောနှောရောင်းချခြင်းကြောင့် အရည်အသွေးပိုင်းတွင် ထိခိုက်မှုများရှိကြောင်း ၎င်းက ပြောသည်။
စက်သုံးဆီ အရည်အသွေး တိုင်းတာခြင်း လုပ်ငန်းများကို စွမ်းအင်ဝန်ကြီးဌာနက ရွေ့လျားဓာတ်ခွဲခန်း (Mobile LED)ပါသော ယာဉ်များဖြင့် စက်သုံးဆီဆိုင်များသို့ လိုက်လံ စစ်ဆေးနိုင်သည်။
သို့သော် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းမှ ညွှန်ကြားရေးမှူး ဦးသင်းသွင်က “ လက်ရှိမှာတော့ မိုဘိုင်းဓာတ်ခွဲခန်းက ၆ ခုပဲရှိတယ်။ တိုင်းဒေသကြီးအလိုက် တိုင်းရောင်းဝယ်ရေး အရာရှိတွေက လိုက်စစ်တာ။ ထပ်တိုးဖို့က ဘတ်ဂျက်ချထား ပေးနိုင်ရင် လုပ်နိုင်တယ်။ အခုက ဘတ်ဂျက် မရှိတော့ ၆ ခုကို ထပ်တိုးဖို့ မရှိဘူး”ဟု ပြောသည်။
မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် စက်သုံးဆီ ဆိုင်ပေါင်း ၂၀၀၀ ရှိသည်။