ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)က ကြားဖြတ်ရွေးကောက်ပွဲတွင် အားကြိုးမာန်တက် လုပ်ဆောင်ခဲ့သော်လည်း ပြည်သူလုထု၏ ပြန်လည်တုံ့ပြန်မှု နည်းပါးနေကြောင်း ကြံခိုင်ရေးပါတီ ရန်ကုန်တိုင်း ဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး USDP အစည်းအဝေးခန်းမ၌ ယနေ့တွင်ကျင်းပသည့် တိုင်းဒေသကြီး ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းသည့် အစည်းအဝေး၌ ၎င်းက ပြောဆိုခြင်းဖြစ်ကြောင်း USDP ပါတီ၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက်ပွဲအတွင်း အားနည်းချက်၊ အားသာချက်များနှင့် ပတ်သက်၍ ထိုအစည်းအဝေး၌ ဦးခင်မောင်စိုးက “ကိုယ်စားလှယ်လောင်းများ၊ မြို့နယ်ပါတီဝင် ဝန်းရံသူများအားလုံး အားကြိုးမာန်တက် ကြိုးစားခဲ့ကြသည်ကို တွေ့ရှိရသဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့ဘက်မှ တာဝန်ကျေပွန်သော်လည်း ပြည်သူများ၏ ပြန်လည်တုံ့ပြန်မှု နည်းပါးနေသေးသည်ကို တွေ့ရှိရသည်” ဟု ရွေးကောက်ပွဲတွင် ပြောဆိုသည်။
ထို့အတူ လာမည့် ၂၀၂၀ အထွေထွေ ပြည်သူများ ပိုမိုပါဝင်လာနိုင်ရေးအတွက် ၎င်းတို့ဘက်က ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီဝင်များအနေဖြင့်လည်း နိုင်ငံရေးသမား စစ်စစ်များ ဖြစ်လာရေး ဆောင်ရွက်ကြရန်၊ မိမိတို့ဒေသတွင် ဖြစ်ပေါ်လာသည့် ကိစ္စမှန်သမျှ ညွှန်ကြားချက်ကို စောင့်မနေဘဲ အချိန်နှင့် တပြေးညီ ဆောင်ရွက်ရန်နှင့် ပါတီဝင်များအနေဖြင့် ပြည်သူနှင့် ကင်းကွာမနေသင့်ကြောင်း တိုက်တွန်းသွားသည်။
၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်လည်း ယခုအချိန်မှစ၍ ဘက်စုံ၊ ထောင့်စုံမှ ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး အောက်ခြေရပ်/ကျေးအမှု ဆောင်များကို အမှန်တကယ် အောင်နိုင်စိတ်ရှိသူများဖြစ်ရန်၊ ရွေးချယ်ပြုစု ပျိုးထောင်ကြရန်၊ လုပ်ချင် ကိုင်ချင် စိတ်ရှိသူများကို ရွေးချယ် တာဝန်ပေးရန်နှင့် ပါတီဝင်သစ်များ ဆက်လက်စုဆောင်းကြရန်ကိုလည်း ထပ်လောင်း တိုက်တွန်းသွားခဲ့သည်ဟု ဆိုသည်။
ဦးခင်မောင်စိုးသည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ကြားဖြတ်ရွေးကောက်ပွဲအပြီး ပြုလုပ်သော USDP ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ထဲတွင် ပြည်သူလူထုအနေဖြင့် ၎င်းတို့ပါတီအပေါ် အားထားယုံကြည်မှု မြင့်တက်လာနေသည်ဟု သုံးသပ် ထားသည်။
အစည်းအဝေး ဆုံးဖြတ်ချက် ကောက်နှုတ်ချက်များထဲ၌ “မိမိတို့ပါတီအပေါ် ပြည်သူလူထု အားထားယုံကြည်မှု မြင့်မားလာသည်ကို အထင်အရှား တွေ့ရှိရသည်” ဟု ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် USDP ပါတီက ၂ နေရာ အပြတ်အသား အနိုင်ရရှိခဲ့သလို အခြားမဲဆန္ဒနယ် ၆ နေရာ တွင် ၎င်းတို့ ပါတီ၏ အဓိကပြိုင်ဘက်ဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီထက် လူထုထောက်ခံမှု ပိုရရှိခဲ့သည်ဟု ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် USDP ပါတီက လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂ နေရာအနိုင်ရရှိခဲ့ပြီး NLD ပါတီက ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၉ နေရာတွင် အနိုင်ရရှိခဲ့သည်။
NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိခဲ့ရာမှ ယခုကြားဖြတ် ရွေးကောက်ပွဲတွင် ၄၇ ရာခိုင်နှုန်းသာ အနိုင်ရရှိခဲ့သဖြင့် ပြည်သူလူထုထောက်ခံမှု ကျဆင်းသွားသည်ကို တွေ့ရှိရကြောင်း၊ ပြည်သူလူထုအနေဖြင့် အပြောနှင့်အလုပ် ကွာခြားချက်ကို စတင်တွေ့ရှိ နားလည်လာပြီ ဖြစ်သည်ဟု USDP က သုံးသပ်ထားသည်။
ရွေးကောက်ပွဲ ကာလအတွင်း တရားမဲ့ ပြုကျင့်မှုများ၊ အသာစီးရယူ ဆောင်ရွက်မှုများအတွက် ဥပဒေနှင့် အညီ တုံ့ပြန် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု USDP က ပြောဆိုထားသည်။