မန္တလေး သင်္ကြန်ကာလအတွင်း လူအများ ဘေးအန္တရာယ် ကင်းစေရန် လုံခြုံရေး အင်အား အများအပြား အသုံးပြုသွားမည် ဖြစ်ပြီး မြို့အဝင်အထွက် ဂိတ်များတွင်လည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
လမ်းလျှောက်သင်္ကြန် ကျင်းပမည့် တောင်ဘက်ကျုံး၊ ပုဂ္ဂလိက ရေကစားမဏ္ဍပ်ကြီးများ ရှိသည့် ကျုံး ပတ်လည် ၃ နေရာ၊ မြို့တွင်း သင်္ကြန်မဏ္ဍပ်များနှင့် လူငယ်သင်္ကြန် ပြုလုပ်မည့် မနောရမ္မံ ကွင်းတို့တွင် ရဲတပ်ဖွဲ့ဝင် များစွာဖြင့် လုံခြုံရေးအင်အားကို အဓိက အသုံးပြုသွားမည် ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းအောင်က “အရင်နှစ်တွေ ကထက် ထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ပါရှိတာကြောင့် သင်္ကြန်ကာလ လုံခြုံရေးကို အပိုင်းလိုက် စီမံချက် ချပြီး ရေးဆွဲသွားမှာပါ။ သင်္ကြန်ကာလမှာ Crime (မှုခင်း) မဖြစ်ဖို့ သတိထားရမယ်။ ဖြစ်လာမှ အရေးယူ ဆောင်ရွက်တာထက် မဖြစ်ခင် ကြိုတင် ကာကွယ်နိုင်အောင် သေချာစီမံ ဆောင်ရွက်ဖို့ လိုအပ် တယ်” ဟု ပြောသည်။
ဆက်လက်ပြီး ” မဏ္ဍပ် တာဝန်ခံ ဆိုတဲ့သူက ကိစ္စအ၀၀ကို တာဝန်ခံနိုင်မယ့်သူ ထားပါ။ တကယ့် အရေး ကိစ္စ ကြုံလာလို့ မဏ္ဍပ် တာဝန်ခံကို ဆက်သွယ်လို့မရရင် ဗဟိုကော်မတီ တင်ပြီး တခုခု Action (အရေး ယူ ဆောင်ရွက်မှု) ယူဖို့ လုပ်မယ်” ဟု ပြောသည်။
ကျုံးဘေးပတ်လည် မဏ္ဍပ်များကို ဧပြီ ၇ ရက်နေ့တွင် စစ်ဆေးမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ဆက်သွယ်ရမည့် မဏ္ဍပ်တာဝန်ခံများနှင့် ဟော့လိုင်း ဖုန်းနံပါတ်များကို စီမံခန့်ခွဲရေး ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်း ကော်မတီသို့ ပေးပို့ရမည်ဖြစ်ကြောင်းလည်း ပြောသည်။
သင်္ကြန်ကာလအတွင်း ရိုက်မှု၊ ခိုးမှု အစရှိသည့် အမှုအခင်းများ ဖြစ်ပွားပါက ချက်ချင်းအမှုဖွင့်ကာ အကျဉ်းထောင်သို့ ပို့အပ်နိုင်ရန် ညှိနှိုင်ထားပြီး တိုင်းတရားရေး ဦးစီးမှူး နှင့် တိုင်းဥပဒေချုပ်ရုံးမှ တာဝန်ရှိသူများကို ကော်မတီဝင် အဖြစ် ဖွဲ့စည်းထားသည်။
ထို့အပြင် မြို့အဝင် အထွက်ဂိတ်များဖြစ်သော ၁၆ မိုင်၊ ရွှေကျင်၊ စစ်ကိုင်း တံတားဟောင်း၊ ရတနာပုံ တံတား ဂိတ်၊ မြစ်ငယ်တံတား၊ တံခွန်တိုင် အဝိုင်းဂိတ်တို့တွင် ရဲတပ်ဖွဲ့ဝင်များ ထားရှိ၍ တုတ်၊ ဓား၊ လက်နက်၊ မူးယစ်ဆေး စသည်တို့ ယူဆောင်ခြင်း ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်စိုးဝင်းက ပြောသည်။
၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းတွင် လူသတ်မှု ၁ မှု၊ ခိုက်ရန်ဖြစ်ပွားမှု ၇ မှု၊ လက်နက် ကိုင်ဆောင်မှု ၄ မှု အပါအဝင် အမှုပေါင်း ၁၂ မှုနှင့် ယာဉ်တိုက်မှု ၃ မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၉ ဦးရှိခဲ့ ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။