မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေလက်ထက် အခွန်ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးနေသည့်အမှုတွင် ပါတီက ငွေကြေးလက်ခံရယူခဲ့ခြင်း လုံးဝမရှိကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။
ဒေါက်တာနန္ဒာလှမြင့်က “ တဦးတယောက်ကိစ္စကို တဦးတယောက်နဲ့ပဲ ဖြေရှင်းသင့်တယ်။ ပါတီတံဆိပ်ကပ်တာက ပါတီကို နာမည်ဖျက်တာပဲ။ ဒါကို တာဝန်ရှိတဲ့ အစိုးရအနေနဲ့ မှန်မှန်စစ်ဆေး ဆောင်ရွက်သင့်တယ်” ဟု ပြောသည်။
မကွေးတိုင်းအတွင်းရှိ ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များ၏ ရန်ပုံငွေ ၂ ဒဿမ ၈ ဘီလီယံ စာရင်း ပျောက်ဆုံးမှုကြောင့် ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေနှင့် မကွေးအစိုးရ အဖွဲ့ဝင်ဟောင်းများကို စုံစမ်းစစ်ဆေးရာမှ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံက သိရသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေမျိုးကျော်က “ ပြည်သူတွေရဲ့ အခွန်ရံပုံငွေ ကျပ် ၇ဒသမ ၄၅၉ ဘီလီယံ ပျောက်နေတာ ဟုတ်တယ်။ ဒါကို အသေးစိတ် နောက်ပိုင်းထုတ်ပြန်ပေးမယ်။ အခုကတော့ ဖြေရှင်းဖို့ ဆောင်ရွက်နေတုန်းပါ”ဟု ပြောသည်။
အခွန်ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးမှုတွင် ကြံ့ခိုင်ရေးပါတီအတွက် ကျပ်သန်း ၁,၇၀၀ သုံးစွဲခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သန်း ၄,၁၈၀ ကျော်နှင့် အသေးစား ငွေချေးလုပ်ငန်းတခုအတွက် ကျပ်သန်း ၁,၅၀၀ ကျော် သုံးစွဲခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
ဦးထွန်းထွန်းက “စစ်ဆေးရေးအဖွဲ့ရဲ့ တိုင်းအစိုးရကို ပြန်ကြားစာမှာ သူတို့ကိုယ်တိုင် ထွက်ဆိုချက်တွေ ပေးထားတာပဲ။ အဲဒီမှာ ကြံ့ခိုင်ရေးအတွက် ၁ ဒဿမ ၇ ဘီလီယံ သုံးထားတာ တွေ့ရတယ်” ဟု ဆိုသည်။
ရေနံလက်ယက်တွင်းများ၏ ရံပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးနေမှုကို စစ်ဆေးတွေ့ရှိရသော်လည်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေအပါအဝင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထိန်းသိမ်းထားခြင်းမျိုး မရှိသေးကြောင်းနှင့် မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်မည်ကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း ဦးထွန်းထွန်းက ဆက်ပြောသည်။
ရေနံလက်ယက်တွင်း ရံပုံငွေ ကျပ် ၂ ဒသမ ၈ ဘီလီယံကျော် ပျောက်ဆုံးမှုကို ဦးထွန်းထွန်းက ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ၌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖွံ့ဖြိုးရေးလုပ်ငန်းတွင် စာရင်းမရှိ သုံးစွဲထားကြောင်း ဖြေဆိုခဲ့သည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုကိစ္စနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေး ရံပုံငွေများကို ပြန်လည် လွှဲပြောင်းပေးရန် တောင်းဆိုထားပြီး လွှဲပြောင်းခြင်းမရှိပါက အရေးယူဆောင်ရွက်မှု ပြုလုပ်ရန် ပြည်ထောင်စုအဆင့်သို့ တောင်းဆိုထားကြောင်း သိရသည်။