မြန်မာနိုင်ငံ အနေဖြင့် အပူချိန်လွန်ကဲလာခြင်း၊ မိုးပိုများလာခြင်း၊ ပင်လယ်မျက်နှာပြင်မြင့်တက်လာခြင်း နှင့် အပူပိုင်းမုန် တိုင်းများ ပိုမိုများပြားလာခြင်းကဲ့သို့သော ရာသီဥတု ပြင်းထန်စွာ ပြောင်းလဲခြင်းတို့အတွက် ပြင်ဆင်ထားသင့်ကြောင်း ယခု အပတ်အတွင်းတွင် ထုတ်ပြန်ခဲ့သော ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာ တစောင်က သတိပေးလိုက်သည်။
၁၉၈၁ ခုနှစ်ကထဲက စတင်တိုင်းတာနေခဲ့သည့် မြန်မာနိုင်ငံ တလွှားရှိ မိုးလေဝသ စခန်း ၁၉ ခုမှ အချက်အလက်များ အရ မြန်မာနိုင်ငံ၏ ရာသီဥတုမှာ ပြောင်းလဲနေပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။ ထိုအချိန်မှ စ၍ ပျမ်းမျှ အပူချိန် နှင့် မိုးရွာသွန်းမှု တိုးလာခဲ့သည်။
၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုံး မုန်တိုင်း၊ ၂၀၁၀ ခုနှစ် အပူလှိုင်း နှင့် ၂၀၁၅ ခုနှစ် ရေလွှမ်းမိုးမှုများ ကဲ့သို့ ရာသီဥတု ပြင်း ထန် ဆိုးရွားမှုများက နောက်ပိုင်းတွင် ပိုများလာမည်ဟု ခန့်မှန်းထားသည်။
ကိုလံဘီယာ တက္ကသိုလ် Worldwide Fund for Nature (WWF) နှင့် ကုလသမဂ္ဂ Human Settlements Program (UNHSP) တို့က ထုတ်ပြန်ခဲ့သည့် “Assessing Climate Risk in Myanmar” အမည်ရှိ အစီရင်ခံစာ တွင် ယခုကဲ့သို့ ဖော် ပြထားခြင်း ဖြစ်သည်။
ယခုရာစု နှစ် အလယ်သို့ ရောက်သည့် အချိန်တွင် မြန်မာနိုင်ငံ တလွှား၌ အပူချိန် ၁.၃ ဒီဂရီ မှ ၂.၇ ဒီဂရီ အထိ တိုးမြင့်လာ မည်ဟု ခန့်မှန်းရပြီး မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် နွေရာသီအတွင်း၌ ပိုမို သိသာသော အပြောင်းအလဲ အများဆုံး ဖြစ်မည်ဟု ခန့်မှန်းရသည်။
အပူချိန် မြင့်တက်လာခြင်းကြောင့် သိသာထင်ရှားသော ကျန်းမာရေး အန္တရယ်များ တွဲ၍ရှိလာနိုင်ခြင်း (၂၀၁၀ ခုနှစ် အပူ လှိုင်းကြောင့် မန္တလေးတိုင်းတခုတည်းမှာပင် လူ ၂၀၀ ကျော်သေဆုံးခဲ့ရသည်ဟု ကျန်းမာရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။) အပြင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ အနေဖြင့် ရေ အရင်းအမြစ် ထိန်းသိမ်းနိုင်မည့် သို့မဟုတ် ပူပြင်းခြောက် သွေ့ခြင်း၊ ရေလွှမ်းမိုးခြင်းများ နှင့် ကိုက်ညီသည့် အပင်အမျိုးအစားများစိုက်ပျိုးနိုင်မည့် နည်းလမ်းများကို ကျင့်သုံးရတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကမ်းရိုးတန်းဒေသများတွင် မိုးရွာသွန်းမှုများပြားလာခြင်းကြောင့် နေရာအများအပြားကို ထိခိုက်စေလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မိုးရွာသွန်းမှုများ ပြားမည်ဆိုသည်မှာ မိုးရွာသည့် ရက် များပြားလာမည်ဟု ဆိုလိုခြင်း မဟုတ် ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လက်တွေ့တွင်လည်း မုတ်သုံရာသီက ရက်သတ္တ တပတ်ခန့် ပိုမိုတိုတောင်း လာခဲ့ပြီ ဖြစ်သည်။
ကမ်းရိုးတန်းဒေသများတွင် တနှစ်တာအတွင်းစုစုပေါင်း မိုးရွာသွန်းမှုက ၁၉၈၁ ခုနှစ်မှစ၍ ဆယ်စုနှစ် တခုလျှင် ၁၅၇ မီလီမီတာ (၄.၅ ရာခိုင်နှုန်း) တိုးတက်လာခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် မုတ်သုံရာသီအတွင်း တွင် ရေလွှမ်းမိုးခံရနိုင်သည့် အန္တရယ် ပိုမိုများပြားလာခဲ့သည်။
ပင်လယ်ရေ မျက်နှာပြင်ကလည်း ၂၀၂၀ ခုနှစ် ရောက်သည့် အခါ မြန်မာနိုင်ငံ၏ ကမ်းရိုးတန်း အားလုံးတွင် ၅ စင်တီမီတာ မှ ၁၃ စင်တီမီတာ အတွင်းမြင့်တက်လာမည်ဟု မျှော်လင့်ရပြီး ၂၀၅၀ ခုနှစ်တွင် ၂၀ စင်တီမီတာမှ ၄၁ စင်တီမီတာ အထိနှင့် ၂၀၈၀ ခုနှစ်တွင် ၃၇ စင်တီမီတာမှ ၈၃ စင်တီမီတာ အထိ မြင့်တက်လာမည်ဟု ခန့်မှန်းရသည်။
မုန်တိုင်း အရေအတွက်ပိုမိုများပြားလာနိုင်သလို ပိုမိုကြီးမားလာနိုင်သည့် အပြင် ကမ်းရိုးတန်း ရေလွှမ်းမိုးမှုက ဧရာဝတီ မြစ်ဝ ကျွန်းပေါ်ကဲ့သို့ ကမ်းခြေမြေနိမ့်ပိုင်းဒေသများတွင် လက်ရှိ အနေအထားထက် ၁၀ ကီလိုမီတာခန့် အထိ တိုးချဲ့လာ နိုင်ပါသည်။
မြစ်ဝကျွန်းပေါ်မြေနိမ့်ပိုင်းဒေသများမှာလည်း ရာသီဥတု အပြောင်းအလဲကြောင့် ပိုမိုများပြားလာဖွယ်ရာရှိသော ပြင်းထန် သည့် အပူပိုင်းမုန်တိုင်းများ၏ အန္တရယ်အတွက် အားနည်းနေဆဲဖြစ်သည်။ အမြင့်ဆုံး လေတိုက်နှုန်းများတိုးလာခြင်း နှင့် အပူပိုင်း မုန်တိုင်းတို့၏ ပြင်းအားပိုများလာခြင်းတို့က သမုဒ္ဒရာ အပေါ်ပိုင်း အပူချိန်မြင့်တက်လာခြင်းကို ဖော်ပြနေသည်။
မြန်မာအစိုးရ အနေဖြင့် နိုင်ငံ၏ အခြေခံအဆောက်အဦးများ တိုးတက်ရေးကို ဆောင်ရွက်သည့် အချိန်တွင် ရာသီဥတု ပြောင်းလဲခြင်းကြောင့် ဖြစ်လာနိုင်သည့် အဆိုပါ အန္တရယ်များကို ထည့်သွင်းစဉ်းစားရမည်ဟု အစီရင်ခံစာက တိုက်တွန်း ထားသည်။
စွမ်းအင်စနစ်ကို ပြင်းထန်သည့် အပူချိန်အောက်တွင် အလုပ်လုပ်နိုင်အောင် ပုံစံချဆောင်ရွက်သင့်ပါသည်။
အိမ်ရာစီမံကိန်း နှင့် စီးပွားရေး တိုးတက်မှု အစီအစဉ်များကို အကောင်အထည်ဖော်ရာတွင်လည်း ပင်လယ် မျက်နှာပြင်မြင့်တင်လာခြင်းကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။
တယ်လီဖုန်းဆက်သွယ်ရေး စနစ်များကိုလည်း ရာသီဥတု အရေးပေါ် အခြေအနေများ နှင့် အညီတုန့်ပြန် ဆောင်ရွက်နိုင်ရေးအတွက် ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်သင့်ပါသည်။
မြန်မာနိုင်ငံ၏ ဂေဟ စနစ်နှင့် ဇီဝမျိုးကွဲများမှာလည်း ခြိမ်းခြောက်မှုအောက်တွင် ရောက်နေသည်။ လျှင်မြန်စွာ သွားလာ ရွှေ့ပြောင်းနိုင်ခြင်း မရှိသည့် မျိုးစိတ်များမှာ အန္တရယ် အများဆုံး ဖြစ်သည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ ဂေဟ စနစ်မှာ ရာသီဥတု ပြောင်းလဲခြင်း အန္တရယ်ကို တန်ပြန်တိုက်ခိုက်ရာတွင် အရေး အပါ ဆုံးသော လက်နက်ဖြစ်ပါသည်။
မြစ်အထက်ပိုင်း သစ်တောများက မြေဆီလွှာကို ထိန်းသိမ်းနိုင်ပြီး မြေပြိုခြင်း နှင့် တောင်ကျရေ စီးဆင်းခြင်း အန္တရယ်များ ကိုလျှော့ချပေးသည်။
ဒီရေရောက်သစ်တောများက ကမ်းခြေတိုက်စားခြင်း နှင့် ဆိုင်ကလုံး မုန်တိုင်းတို့၏ ပြင်းအားကို ကာ ကွယ်ရာတွင် အရေးပါပါသည်။ ထို့ကြောင့် ၎င်းတို့ကို ဦးစားပေးအဖြစ် ကာကွယ်ထိန်းသိမ်းသင့်ပါသည်။