ယခင်အစိုးရလက်ထက် ပုဂ္ဂလိကကုမ္ပဏီများသို့ အများပြည်သူပန်းခြံမြေများကို လျှော့ဈေးဖြင့် ကာလ ရှည်ငှားရမ်းမှုကြောင့် တိုင်းအစိုးရအနေဖြင့် ကျပ်ငွေ ၅၇.၉၂၃ ဘီလီယံ နစ်နာဆုံးရှုံးရကြောင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာတစောင်တွင် ဖော်ပြထားသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ထုတ်ပြန်သော ထိုအစီရင်ခံစာအရ အထင်ကရရှိသော ပြည်သူ့ဥယျာဉ်၊ ကရဝိတ် ဥယျာဉ်နှင့် အငြင်းပွားနေသော မြကျွန်းသာ အပါအဝင် ဥယျာဉ် ငါးခုတို့ကို ထိုနေရာများ၏ သတ်မှတ်ငှားရမ်းခများ အောက် များစွာလျှော့နည်းသောနှုန်းဖြင့် ၂၀၁၀ ခုနှစ်မှ စတင်ငှားရမ်းထားကြောင်း တွေ့ရသည်။
ထိုစာရင်းတွင် ထိပ်ဆုံးမှရှိနေသည်မှာ ရန်ကုန်မြို့၏ ကျော်ကြားလှသော အင်းလျားကန်အနီးရှိ မြကျွန်းသာပန်းခြံဖြစ်ပြီး တနှစ်လျှင် ကျပ်ငွေ ၂၁.၆၂၉ ဘီလီယံ နစ်နာဆုံးရှုံးသည်။ ထိုပန်းခြံတွင် ပုဂ္ဂလိက ကုမ္ပဏီ ၈ ခုတို့က မြေ ၄၂ ဧကကျော်ကို တဧကလျှင် ကျပ်တသန်းနှုန်းဖြင့် ၂၀၁၃ ခုနှစ်မှစ၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နှင့် နှစ် ၆၀ စာချုပ်အရ ရယူထားကြသည်။
“မြေတဧကကို တလ ကျပ် တသန်းနဲ့ ငှားထားတော့ အစိုးရက တစ် စတုရန်းပေကို တလ ၂၅ ကျပ်ပဲ ရတယ်။ တစ် စတုရန်းပေ ကို တထောင်ရရင်တောင်မှ တနှစ်ကို ကျပ် ၂၁.၆၂၉ ဘီလီယံ နစ်နာတယ်” ဟု တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ရန်ကုန်တိုင်းလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က အစီရင်ခံစာတင်သွင်းစဉ် ပြောကြားခဲ့သည်။
စာရင်းတွင် ပါသော ဒုတိယနေရာမှာ ကရဝိတ်ပန်းခြံဖြစ်ပြီး YCDC က မြေ ၁၈.၇၃၁ ဧကကို မြန်မာလုပ်ငန်းရှင်ကြီး ဦးခင် ရွှေ၏ ဇေကမ္ဘာလုပ်ငန်းစုသို့ ၂၀၁၀ မှ စတင်ကာ နှစ် ၃၀ အငှားချထားသည်။
ထိုသဘောတူညီချက်အရ ကုမ္ပဏီက ပထမ ၅ နှစ်အတွက် တနှစ်လျှင် ကျပ်သန်း ၃၀ ပေးရသည်။ ထိုငါးနှစ်မှာ ၂၀၁၅ခု နှစ် ဩဂုတ်လက ကုန်ဆုံးခဲ့ပြီး ယခုအခါ ဒုတိယ ၅ နှစ်သက်တမ်းရောက်လာပြီး သဘောတူညီချက်အရ တနှစ်လျှင် မြေငှားခ ကျပ်သန်း ၆၀ ပေးရသည်။
” ပန်းခြံရှိရာ ထိုနေရာ၏ လက်ရှိမြေဈေး တစ် စတုရန်းပေလျှင် ၂၀၀၀ ကျပ်နှင့် တွက်လျှင် ဇေကမ္ဘာက လက်ရှိပေးနေသော နှုန်းမှာ တစ် စတုရန်းပေလျှင် တလ ၆ ကျပ်သာရှိပြီး တနှစ်လျှင် ကျပ် ၁၉.၉၂ ဘီလီယံ နစ်နာသည်” ဟု အစီရင်ခံစာက ဆိုသည်။
ယခင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်သည် ပြည်သူ့ဥယျာဉ်မှ မြေ ၇၆.၃၆ ဧကကို Natural World Company ကုမ္ပဏီသို့ ၂၀၁၁ ခုနှစ်တွင် ၂၅ နှစ် အငှားချထားသည်။ YCDC သည် ပထမ ငါးနှစ် (၂၀၁၁-၂၀၁၅) အတွက် စုစုပေါင်း ကျပ် ၁၄၇. ၆၅ သန်းရရှိသဖြင့် အစိုးရသည် ထိုနှစ်များအတွင်း မြေ တစ်စတုရန်းပေလျှင် တကျပ်ပင် မရဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။
၂၀၁၆-၂၀၁၇ တွင် မြေငှားခကို ၂.၅ ဘီလီယံသို့ တိုးမြှင့်လိုက်သော်လည်း တစ် စတုရန်းပေလျှင် အစိုးရက ၆ ကျပ်သာရ သဖြင့် ကျပ် ၁၄.၂၈၀ ဘီလီယံ နစ်နာဆဲဖြစ်သည်။ လက်ရှိပေါက်ဈေးမှာ ၁၀၀၀ ကျပ် ဝန်းကျင်ရှိသည်။
မြိုင်ဟေဝန်ပန်းခြံ၊ ကန်တော်မင်္ဂလာပန်းခြံတို့နှင့် ကန်တော်ကြီးဝန်းကျင်တွင် စားသောက်ဆိုင် ၈ ခုသို့ ငှားထားသောမြေ များအပြင် ပုဂ္ဂလိက ကုမ္ပဏီများသို့ မြေငှားရမ်းမှုများသည် တိုင်းအစိုးရအတွက် ရသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်က YCDC သည် ကျပ်ငွေ ၂.၁ ဘီလီယံနီးပါး ဆုံးရှုံးသည်။
ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ထိုသို့ဖြစ်ရသည်ဟု တိုင်းစာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။
အငြင်းပွားဖွယ်ရာ ကုမ္ပဏီများနှင့် သဘောတူညီချက်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာရန်နှင့် ကုမ္ပဏီများ တတ်နိုင်ပြီး အကျိုး အမြတ်ရှိသော နှစ်ရှည်မြေငှားခ ပြန်လည်ညှိနှိုင်းရန် ယခင်အစိုးရက အငှားချထားသော ပန်းခြံမြေများအားလုံးကို ပြန်လည်သုံးသပ်သင့်သည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ထွန်းက တိုက်တွန်းသည်။
” ကျပ် ၅၀ ဘီလီယံကျော်ဆိုတာ နည်းတဲ့ငွေမှမဟုတ်တာ၊ အစီရင်ခံစာတစောင်လုံးကို လေ့လာရင် တခြားကိစ္စတွေလည်း တွေ့ရဦးမယ်ထင်တယ်” ဟု သူ ဆက်ပြောသည်။ “ဒီပြဿနာတွေ အားလုံးဟာ အရင်အစိုးရရဲ့ကြိုးနီစနစ်ကြောင့် ဖြစ်ရတာ”ဟုလည်း ပြောသည်။