ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သူမည်ဝါ ဖြစ်ကြောင်း အထောက်အထား လက်မှတ် CI (Certificate of Identity) များထုတ်ပေးရာတွင် ထိုင်းဘတ်ငွေ ထောင်နှင့်ချီ၍ အပိုပေးဆောင်နေရကြောင်း သိရသည်။
CI လက်မှတ်များကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့မှ စတင်ထုတ်ပေးနေပြီး အစိုးရ၏ တရားဝင် သတ်မှတ်ထားသည့် ငွေ ပမာဏမှာ စာရင်းသွင်းကြေးအဖြစ် ထိုင်းဘတ်ငွေ ၃၀၀ နှင့် ဗီဇာကြေး ၅၀၀ အပါအဝင် စုစုပေါင်း ဘတ်ငွေ ၉၁၀ (ကျပ် ၄၀၀၀ ဝန်းကျင်) ဖြစ်သည်။
သို့သော်လက်ရှိတွင် ဘတ်ငွေ ၄၅၀၀ မှ ၇၅၀၀ အထိ ကုန်ကျနေကြကြောင်း အလုပ်သမား အရေး ဆောင်ရွက်နေသူများ က ဧရာဝတီ ကို ပြောသည်။
မတရား တောင်းခံနေမှုများကို အရေးယူဖြေရှင်းပေးရန် မြန်မာအစိုးရ အာဏာပိုင်များထံ တင်ပြ တောင်းဆိုထားသော် လည်း တစုံတရာ ထူးခြားမှု မရှိကြောင်း ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN ) ဒု ဥက္ကဌ ဦးအောင်ကျော် က ပြောဆိုသည်။
ဦးအောင်ကျော် က “ငွေပိုတောင်းနေသူတွေက CI ထုတ်ပေးရေး စင်တာတွေနဲ့ ပူးပေါင်းလုပ်နေကြတဲ့ ပွဲစားတွေပါ၊ အလုပ် သမားတွေဟာ နိုင်ငံတော်က သတ်မှတ်နှုန်းထားထက် အဆပေါင်း မြောက်များစွာ ပေးဆောင်နေကြရတယ်၊ သံရုံးက တာ ဝန် ရှိသူတွေကလည်း ဒီကိစ္စတွေကို သိပေမယ့် ဒီနေ့အထိ တာဝန်ယူ ဖြေရှင်းတာမျိုး မရှိသေးပါဘူး” ဟုလည်း ဆိုသည်။
CI လက်မှတ်ထုတ်ပေးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူဖြစ်သည့် ဘန်ကောက်ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမိုးအောင်ခိုင် ကမူ ငွေပိုတောင်းခံမှုများ မရှိကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက “ပွဲစားတွေနဲ့ လုပ်တဲ့အတွက် ငွေပိုပေးရတာတော့ ကျနော်တို့နဲ့မဆိုင်ပါဘူး၊ ပွဲစားခ သက်သာအောင်ဆိုပြီး 7 Eleven မှာ စာရင်းသွင်းဖို့ စီစဉ်ပေးထားတယ်၊ အဲဒီကို မသွားဘဲ ပွဲစားနဲ့လုပ်ရင်တော့ ပိုကုန်တာပေါ့၊ CI ထုတ်ပေးရေး စင်တာတွေ ကလည်းပဲ ငွေပိုတောင်းတာမျိုး မရှိပါဘူး”ဟုလည်း ပြောဆိုသည်။
သို့သော် 7 Eleven တွင် စာရင်းသွင်း၍ ကိုယ်တိုင်ပြုလုပ်သူများ အနေဖြင့် ဗီဇာလျှောက်ထားရာတွင် ပွဲစားများနှင့် ပြုလုပ် သူများကဲ့သို့ အလွယ်တကူ မရရှိဘဲ အခက်အခဲအမျိုးမျိုးနှင့် ကြုံနေရကြောင်း CI ပြုလုပ်ခဲ့သည့် အလုပ်သမားများက ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားနေကြသည်။
ပွဲစားများနှင့် ပြုလုပ်သူများသည် CI လက်မှတ်အား အချိန်တို အတွင်း ရရှိကြောင်း သိရသည်။
IC ထုတ်ပေးရေး စင်တာများကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်း လုပ်သား အများဆုံးရှိသည့် မဲဆောက်၊ မဟာချိုင်၊ ရနောင်း၊ မယ် ဆိုင်၊ ဆမွတ်ရကန်၊ ဆမွတ်ဆခါး စသည့် နေရာ ၆ ခုတွင် စခန်းဖွင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။
ထိုစင်တာများ၏ အထွေထွေကုန် ကျစရိတ်ကို နိုင်ငံတော် အစိုးရက ကျခံထားပြီး သတ်မှတ် စည်းကမ်းအတိုင်း လုပ်ဆောင် ရမည်ဟု စာချုပ် ချုပ်ဆိုထားကာ စည်းကမ်းချက်များ၌ ငွေပိုတောင်းခြင်း လုံးဝ မရှိစေရဟုလည်း ပါဝင်သည်။
ထိုစင်တာများအနက် မဟာချိုင်အရပ်၌ CI လက်မှတ် ထုတ်ပေးရေး စင်တာတာဝန်ရှိသူများသည် တုံကင် လက်မှတ်များ အား ၎င်းတို့နှင့်ပူးပေါင်း လုပ်ဆောင်နေသည့် ပွဲစားများထံ ရောင်းစားထားပြီး ထိုပွဲစားများမှ တဆင့် ပြန်လည် ဝယ်ယူ လျှောက်ထားရကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ (MAT) ဒါရိုက်တာ ဦးကျော်သောင်း ကလည်း ဧရာဝတီ ကို ပြောသည်။
CI နှင့် ပတ်သက်၍ အလုပ်သမားများထံမှ မတရား ခေါင်းပုံဖြတ် အမြတ်ယူထားမှုများအား အထောက်အထားများနှင့် တကွ နိုင်ငံတော် အစိုးရ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၊ အလုပ် သမား ဝန်ကြီး စသည့် တာဝန်ရှိသူများထံ မတ်လ အတွင်း နှစ်ကြိမ်အထိ တိုင်ကြားခဲ့သော်လည်း ယနေ့အထိ တစုံတရာ အရေးယူမှု မရှိသေးကြောင်းလည်း ဦးကျော်သောင်း က ပြောပြသည်။
၎င်းက “အလုပ်သမားဌာနက တာဝန်ရှိသူတချို့နဲ့ အလုပ်သမား သံအရာရှိတချို့ကို အထောက်အထားနဲ့တကွ တိုင်ပေ မယ့် အရေး မယူတဲ့အပြင် ကျနော်တို့ကိုတောင် ပြန်လည် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်လာတာ တွေ့ရတယ်” ဟု ဆို သည်။
CI လက်မှတ်ကို ယာယီနေထိုင်ခွင့် ကတ်ဖြစ်သည့် ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများက လျှောက်ထားရခြင်း ဖြစ် သည်။
ပန်းရောင်ကတ် ကိုင်ဆောင်ထားသူသည် သတ်မှတ်နေရာတွင်သာ နေထိုင်လုပ်ကိုင်ခွင့်ရှိသည်။
CI လက်မှတ်မှာမူ ထိုင်းနိုင်ငံ တဝန်းသို့ လွတ်လပ်စွာ သွားလာ လုပ်ကိုင်ခွင့်ရှိသည့် အပြင် မြန်မာနိုင်ငံသို့လည်း လည်ပတ် ခွင့်ရှိကာ ၄ နှစ် သက်တမ်းဖြစ်သည်။
ထိုင်းနိုင်ငံတဝန်း၌ CI လက်မှတ်လျှောက်ထားသူ ဦးရေ ၇ သိန်းနှင့် ၈ သိန်း ကြားရှိ၍ ထိုင်းဘတ်ငွေ သန်းပေါင်းများစွာ လာဘ်ပေး လာဘ်ယူ လုပ်ဆောင်မှုကြီး တခုဖြစ်၍ သက်ဆိုင်ရာ သံရုံးဝန်ထမ်းတချို့အား အရေးယူပေးရန်နှင့် မြန်မာ လုပ်သားများအား ကူညီဆောင်ရွက်ပေးရန် အစိုးရထံ တင်ပြတောင်းဆိုထားသော်လည်း ယနေ့အထိ ထူးခြားမှု မရှိသေး ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောဆိုကြသည်။
လာဘ်ပေး လာဘ်ယူပြုလုပ်မှုဖြင့် တိုင်းကြားခံထားရသူများတွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ တချို့လည်း ပါဝင်နေကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမား ဦးရေ စုစုပေါင်း ၄ သန်းကျော်ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေ သူများ က ပြောသည်။
ယင်းအနက် တရားဝင် အလုပ်သမား ဦးရေသည် ၁ ဒသမ ၇ သန်းဝန်းကျင် ရှိကြောင်း မြန်မာ သံရုံးက ထုတ်ပြန်ထားသည်။