အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်သမ္မတ ရှီကျင်ဖျင့်ကို ဖလော်ရီဒါရှိ သူ၏ အပန်းဖြေစခန်းတွင် ပထမဆုံးသော ထိပ်သီးဆွေးနွေးပွဲအတွက် ကြိုဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်၏ Mar-a-Lago အပန်းဖြေ စခန်းတွင် ညစာစားခဲ့ကြပြီးနောက် သူတို့ ၂ ယောက်အနေဖြင့် မိတ်ဆွေ အနေအထားကို တိုးတက်အောင်လုပ်နိုင်ခဲ့ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။
အမေရိကန် သမ္မတက မြောက်ကိုရီးယား နှင့် ပတ်သက်၍ အရေးယူဆောင်ရွက်ရန် ဖိအားပေးမည်ဟု မျှော်လင့်ရပြီး တရုတ်သမ္မတ ကလည်း ထိုင်ဝမ် နှင့် ပတ်သက်၍ အာမခံချက် လိုချင်မည်ဟု ယူဆရသည်။
ထိပ်သီးဆွေးနွေးပွဲက အလွန်ခက်ခဲလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ ပြီးခဲ့သည့် နှစ်အတွင်းကလည်း တရုတ် နိုင်ငံသည် အမေရိကန်ကို “မုဒိန်းကျင့်နေသည်”ဟု သူက စွပ်စွဲခဲ့ဖူးသည်။
ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုများ အတွင်းတွင် ကုန်သွယ်ရေး လိုငွေပြမှု နှင့် တရုတ်က ခိုးယူသွားသောကြောင့် အမေရိကန်တွင် အလုပ်လက်မဲ့ အလွန်အမင်း များပြားနေခြင်းကို သည်းခံမည် မဟုတ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း ဧပြီလ ၆ ရက်နေ့က ညစာစားပွဲတွင်မူ ခေါင်းဆောင် ၂ ဦးလုံး ပြုံးနေခဲ့ကြပြီး သူတို့၏ ဇနီးများလည်း တက်ရောက်ခဲ့ကြသည်။
ရွေကောက်ပွဲများတွင် ရဲရဲတောက်ပြောကြားခဲ့သော်လည်း ဒေါ်နယ်ထရမ့်က ယခင်က တရုတ်နိုင်ငံကို “ငွေကြေး ဈေး ကွက်ကို ကြိုးကိုင်ချယ်လှယ်သူ” အဖြစ် တံဆိပ်ကပ်၍ တရုတ်နိုင်ငံမှ သွင်းကုန်များကို အခွန်များဖြင့် ဒဏ်ခတ်တိုက်ခိုက် မည်ဟု ခြိမ်းခြောက်ခဲ့သလိုမျိုး ယခုအချိန်အထိ မပြုလုပ်ခဲ့သေးပါ။
အမေရိကန် နိုင်ငံအတွက် အရေးအကြီးဆုံး ကိစ္စများထဲမှ တခုမှာ မြောက်ကိုရီးယား နိုင်ငံဖြစ်သည်။ မြောက်ကိုရီးယားက အမေရိကန် အနောက်ဘက်ကမ်းခြေကို ပစ်ခတ်နိုင်စွမ်း ရှိသော နျူကလီးယား တိုက်ချင်းပစ် ဒုံးကျည် ထုတ်လုပ်နိုင်ရန် ကြိုးစား နေသည်။
စမ်းသပ်မှုများလည်း ဆက်တိုက်ပြုလုပ်နေရာတွင် ဧပြီလ ၅ ရက်နေ့က လည်း ဂျပန် ပင်လယ်အတွင်းသို့ တာလတ် ပစ် ဒုံးကျည် တခု ပစ်ခတ်ခဲ့သည်။
မြောက်ကိုရီးယား၏ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှုများကို တရုတ်အစိုးရက ပြစ်တင်ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း သူတို့၏ အိမ်နီးချင်းကို အထီးကျန် ပစ်ထားရန် ယခုအချိန်အထိ တွန့်ဆုတ်နေဆဲ ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းအားဖြင့် ဒုက္ခသည် ပြဿနာများ ပေါ်ပေါက်လာ နိုင်ခြင်း နှင့် အမေရိကန် တပ်များရောက်လာအောင် လုပ်လိုက်သလို ဖြစ်သွားမည်ကို စိုးရွံနေ သောကြောင့် ဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလည်း သူ့အနေဖြင့် တယောက်ထဲဆောင်ရွက်ရန် ပြင်ဆင်ပြီး ဖြစ်သည်ဟု Financial Times သတင်းစာသို့ ယခု အပတ်အတွင်းတွင် ပြောခဲ့သည်။ “တကယ်လို့ တရုတ်နိုင်ငံက မြောက်ကိုရီးယားနဲ့ ပတ်သက်လို့ မဖြေရှင်းဘူးဆိုရင် ကျနော်တို့ ဖြေရှင်းမယ်” ဟု ပြောခဲ့သည်။
မြောက်ကိုရီးယား အရေးက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင်ဖျင့်တို့၏ ဆက်ဆံရေး အတွက် အရေးပါသော စမ်းသပ်ချက် ဖြစ်သည်ဟု အိမ်ဖြူတော်မှ အကြီးတန်း အရာရှိ တဦးကပြောသည်။
“အချိန်တွေက မြန်မြန်ကုန် နေပါတယ်။ ကျနော်တို့အတွက် ရွေးချယ်စရာတွေ အားလုံးက စားပွဲပေါ်မှာ ရှိတယ်” ဟု အဆို ပါ အရာရှိကပြောသည်။
ကိုးကား ။ ။ BBC, CNN