သတင်း

အစိုးရသစ်လက်ထက် ပုဒ်မ ၆၆(ဃ) နှင့် ပြစ်ဒဏ် ချခံရမှု ၈ မှု ရှိလာ

ယခု အစိုးရသစ် လက်ထက်တွင် ဆယ်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) နှင့် ပြစ်ဒဏ် ချမှတ်ခံရမှုသည် ၈ မှု အထိ ရှိနေပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး ဥပဒေ သုတေသန အဖွဲ့မှ သိရသည်။

ထို ၈ မှုတွင် လတ်တလော ဖြစ်သော ဧပြီ ၇ ရက်က ပြစ်ဒဏ် ချမှတ်ခံရသည့် အမှု ၂ မှု ပါဝင်သည်။

ဧပြီ ၇ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီဝင် ဦးမျိုးရန်နောင်သိန်းကို လူမှုကွန်ရက် စာမျက်နှာ တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အား အသရေပျက်စေသည့် စာသားများ ရေးသည်ဟု ဆိုကာ ရန်ကုန်တိုင်း ကမာရွတ်တရားရုံးက ပုဒ်မ ၆၆(ဃ)နှင့် ထောင်ဒဏ် ၆ လ ချမှတ်လိုက်သည်။

ထို့အပြင် ယင်းနေ့တွင်ပင် ကိုအောင်မြင့်ထွန်း(ခ)ဖိုးထောင်အား NLD ရုံးတံဆိပ်အတု ပြုလုပ်သည်ဟု ဆိုကာ နေပြည်တော် ဇမ္ဗူသီရိတရားရုံးကလည်း ၆၆(ဃ)နှင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။

ဦးမျိုးရန်နောင်သိန်းက “၆၆ (ဃ) က ရှိတော့ရှိသင့်တယ်၊ ပုံစံတော့ပြောင်းရမယ်၊ လိုသလို အသုံးမချဖို့နဲ့ အလွဲသုံးစား မလုပ်ဖို့လိုတယ်၊ အခုအမိန့်က တရားမျှတမှု မရှိပါဘူး၊ မရ ရအောင် အမိန့်ချလိုက်တာပါပဲ”ဟု ပြောသည်။

ထောင်ဒဏ် ၆ လချမှတ်ခံရသည့် ဦးမျိုးရန်နောင်သိန်း အနေဖြင့် အာမခံမရရှိဘဲ ချုပ်ရက် ၅ လကျော် ရှိ သည့် အတွက် ၃ ပတ်ခန့်သာ ထပ်မံ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲဆိုမှုသည် ၇ မှုရှိခဲ့ရာမှ ပြစ်ဒဏ်ချမှတ်မှု ၅ မှု ရှိခဲ့ သော်လည်း လက်ရှိ NLD အစိုးရလက်ထက်တွင် ၆၆(ဃ)ဖြင့် တရားစွဲဆိုမှု ၅၄ မှု ရှိနေပြီး ၆ မှုမှာ အာမခံ မရရှိဘဲ အချုပ်ကျခံနေ ရကြောင်းလည်း ဆက်သွယ်ရေးဥပဒေ သုတေသနအဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်သွယ်ရေးဥပဒေ သုတေသန အဖွဲ့ဝင် မောင်ဆောင်းခက “ဒါကို ပြင်ဆင်ဖို့စာတမ်းတွေ လွှတ်တော်ကို တင်ပြ ထား ပြီးပြီ၊ လွှတ်တော်က ဒါကိုပြင်ဖို့ အားတက်သရော မရှိဘူး၊ အခုနေမှာ ပြင်ချင်တဲ့ သဘောထား မရှိဘူး လို့ ထင်ရတယ်” ဟု ပြောသည်။

ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ရေးနှင့် ပတ်သက်၍ လာမည့် မေလအတွင်း လွှတ်တော် အစည်းအဝေးများတွင် ပြင်ဆင် နိုင်ခြင်း မရှိပါက စိစစ်ဆဲအမှုများမှ ဖမ်းဆီးခံရနိုင်သည့် အရေအတွက်မှာ ပိုမိုများလာနိုင်ပြီး ယင်း ဥပဒေ ပြင်ဆင်ရေးအတွက် တောင်းဆိုလှုပ်ရှားမှုများလည်း ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

လက်ရှိ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရမှု ၅၄မှုတွင် Eleven Media Group CEO ဒေါက်တာ သန်းထွဋ် အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုး၊ Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ဦးဆွေဝင်း တို့ အပါအဝင် သတင်း သမားများ တရားစွဲဆို ခံရမှုမှာလည်း ၈ မှုအထိ ရှိနေကြောင်း ဆက်သွယ်ရေးဥပဒေ သုတေသန အဖွဲ့မှ သိရသည်။

ဆက်သွယ်ရေးဥပဒေ သုတေသန အဖွဲ့မှာ ပုဒ်မ ၆၆(ဃ)နှင့်ပတ်သက်၍ လေ့လာ သုံးသပ်ချက်များနှင့် အကြံ ပြုချက် များကို လွှတ်တော်သို့ တင်ပြထားပြီး ယင်းအဖွဲ့တွင် ဥပဒေပိုင်းဆိုင်ရာနှင့် တက်ကြွလှုပ်ရှားသူ ၃ ဦးတို့က ဦးဆောင် ပြုလုပ်နေခြင်း ဖြစ်သည်။

ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း ပုဒ်မ ၆၆(ဃ)မှာ အာမခံရရှိရေးနှင့် လုပ်ထုံးလုပ်နည်း အပိုင်းကြောင့် မလိုအပ်သည့် ပြဿနာများ ဖြစ်နေရသည့် အတွက် ပြင်ဆင်သင့် ကြောင်း ထုတ်ဖော် ပြောကြားထားသည်။

ပုဒ်မ ၆၆ (ဃ)သည် ရဲအရေးပိုင်မှုဖြစ်သည့် အတွက် ချက်ချင်းဖမ်းဆီးနိုင်သည့် ပုဒ်မတခုဖြစ်ပြီး အာမခံ ရရှိရန် ခက်ခဲ သည့် အပြင် ကြားလူက ကိုယ်စား တရားစွဲဆိုနိုင်ခြင်းနှင့် နည်းပညာပိုင်း ဆိုင်ရာ ပိုမိုတိကျသည့် ပြဋ္ဌာန်းချက်များ မရှိသည့်အတွက် မဖြစ်မနေပြင်ရမည့် ဥပဒေဖြစ်ကြောင်းလည်း ဥပဒေပညာရှင်များ၊ သတင်း မီဒီယာ အဖွဲ့အစည်း များနှင့် အရပ်ဘက် အဖွဲ့အစည်းများက ထောက်ပြ ဝေဖန်လျက်ရှိသည်။

Loading