လျှပ်စစ်ဓာတ်အား လိုအပ်ချက် ပြည့်မီစွာ ထုတ်လုပ်နိုင်မည့် ရေအား စီမံကိန်းနှင့် ကျောက်မီးသွေး စီမံကိန်း များမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက် ပြည်သူများကို အသိပညာပေးမှုများ ပြုလုပ်သွားမည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာနက ပြောသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်က “ကျောက်မီးသွေးဆိုလည်း ပြည်သူက ကန့်သတ်ထား တော့ ထုတ်လို့မရဘူး။ ရေအားဆိုရင်လည် Environmental Impact တွေ များတယ်ဆိုပြီး ထုတ်လို့မရဘူး။ သဘာဝ ဓာတ်ငွေ့ ဆိုလည်း ရရှိခဲ့မှုက ကုန်သွားပြီ။ ဒီလျှပ်စစ်ဓာတ်အားကို ထပ်ထုတ်လုပ်ဖို့ ဆိုတဲ့ အနေအထားမှာ တော်တော်လေး အခက်အခဲ ကြုံနေရတယ်” ဟု ပြောပြသည်။
နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးချုပ်၌ ဧပြီလ ၆ ရက်က ပြုလုပ်သည့် အစိုးရအဖွဲ့ လုပ်ငန်း ၁ နှစ် ပြည့်မြောက်သည့် နှစ်ပတ်လည် ဆွေးနွေးပွဲအခမ်းအနားနှင့် သတင်းစာရှင်းလင်ပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ယခုနောက်ပိုင်း ကာလများတွင် ရေအားနှင့် ကျောက်မီးသွေးမှ လျှပ်စစ်ထုတ်ယူခြင်းကြောင့် သဘာဝ ပတ်ဝန်း ကျင် ထိခိုက်မှု အနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေကြပြီ ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ထားသည့် အစီအစဉ် များကို ပြည်သူထံချပြ၍ အသိပညာပေး စည်းရုံးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးထိန်လွင်က ဆက်ပြောသည်။
လက်ရှိအချိန်၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မဂ္ဂါဝပ် ၆၉၀ ခန့်ထုတ်ယူသုံးစွဲနိုင်မည့် ရေအားလျှပ်စစ် စီမံ ကိန်းကို ရခိုင်ပြည်နယ်တွင် လည်ကောင်း၊ မဂ္ဂါဝပ် ၁၀၅၀ ထုတ်ယူနိုင်မည့် ရွှေလီ ရေအားလျှပ်စစ် စီမံကိန်းကို ရှမ်းပြည်မြောက်ပိုင်း၌ လည်းကောင်း ပြင်သစ်နိုင်ငံ၏ ငွေကြေးအကူအညီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
အမြဲတမ်း အတွင်းဝန် ဦးထိန်လွင်က “ပြည်သူတွေက ကန့်ကွက်လို့မထုတ်နဲ့လို့ ပြောပြီးငြိမ်နေလို့လည်း မရပါ ဘူး။ ကျနော်တို့ ကြိုးစားပြီး ရတဲ့နည်းလမ်းနဲ လျှပ်စစ်ထုတ်ပြီး ပြည်သူတွေကို ဖြန့်ဝေပေးသွားပါမယ်” ဟုပြော သည်။
မြစ်ဆုံကဲ့သို့ ပြည်သူများ ကန့်ကွက်မှု ကြီးမားသည့် စီမံကိန်းများကို နိုင်ငံတော်အဆင့် ကော်မရှင်များက ဆောင်ရွက်ရန် သင့်မသင့် ဆုံးဖြတ်လိမ့်မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။
မြန်မာနိင်ငံ၏ လျှပ်စစ်စွမ်းအား လိုအပ်ချက် ပြည့်မီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်အတွက် တရုတ်၊ ထိုင်း၊ ဩစတေးလျ နိုင်ငံများက အစိုးရထံ အဆိုပြုတင်ပြထားကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက ပြော သည်။
မြန်မာနိုင်ငံတွင် တနိုင်ငံလုံး၏ ၃၄ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား အသုံးပြုနိုင်ပြီး ကျေးလက်ဒေသ အများ ဆုံး အပါအဝင် ၆၆ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။
၂ဝ၃ဝ တွင် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရန် ရည်ရွယ်ပြီး ယခုကဲ့သို့ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ဆို သည်။