သတင်း

တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ မျက်နှာစုံညီတွေ့ဆုံပွဲ ချင်းမိုင်မြို့တွင် ပြုလုပ်

Want create site? Find Free WordPress Themes and plugins.

ယမန်နှစ်က ပြုလုပ်ခဲ့သည့် မိုင်ဂျာယန်ညီလာခံတွင် ဆွေးနွေးခဲ့သော ပင်လုံစာတမ်း ကို ပြန်လည်စိစစ် အတည်ပြုမှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့၏ မျက်နှာစုံညီတွေ့ဆုံပွဲ ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စတင်ကျင်းပသည်။

၂ ရက်တာ တွေ့ဆုံပွဲတွင် တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာများကို ဆွေးနွေးအကြံပြုကြရန် သဘာပတိများအဖြစ် ဆောင်ရွက်သော ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်န်ဘန်လ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် တို့က အဖွင့်အမှာစကားများ ပြောကြားရာတွင် ထည့်သွင်းပြောဆိုထားသည်။

UNFC ဥက္ကဋ္ဌ ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော်မှ ဗိုလ်ချုပ်ကြီး အင်န်ဘန်လ က မတူကွဲပြားမှုနှင့် စဉ်းစားချက်များ မတူညီနိုုင်ကြသော်လည်း တိုင်းရင်းသားအဖွဲ့များအားလုံး စုစည်းနိုင်ရေး အလေးပေးပြောဆိုခဲ့ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့များ၏ NCA လမ်းကြောင်းအတိုင်း လိုက်ပါနိုင်မှုမရှိ ဖြစ်လာရခြင်းအပေါ် ချင့်ချင့်ချိန်ချိန်ဆွေးနွေးကာ အကြံဉာဏ်ကောင်းများ ပေးရန်လည်း တိုက်တွန်းခဲ့သည်။

“အခုအချိန်မှာ အားလုံး ကြားသိပြီးသားဖြစ်တဲ့ မြောက်ပိုင်းအခြေအနေ၊ ဒါတွေကိုလည်း ကျနော်တိုု့ မဆွေးနွေးလိုု့ မဖြစ်ပါဘူး။ ဒီအချိန်မှာ အခုလို စုစုစည်းစည်းဖြစ်တဲ့အခါ အားလုံးက ချင့်ချင့်ချိန်ချိန် ဆွေးနွေးပြီးတော့ အကြံဉာဏ်ပြုဖို့ လေးလေးနက်နက် တောင်းဆိုပါတယ်။ ကျနော်တို့ဟာ ဘယ်လို စုုစည်းချင်အုံးတော့ အစိုးရရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ ဆွေးနွေးမှုကြောင့် စုစည်းဖို့က တော်တော် ခဲယဉ်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်ကြီး အင်န်ဘန်လ က ဆိုသည်။

RCSS ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် အခွင့်အလမ်း ပွင့်လာနေသည့်အချိန်တွင် ထိုအခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ကြရန် တိုက်တွန်းသည်။

“ကျနော်မြင်တာကတော့ အခွင့်အလမ်းက ပွင့်လာပြီ။ ဒီလို ပွင့်လာတဲ့ အခွင့်အလမ်းကို ကျနော်တို့ အမိအရ ဆုပ်ကိုင်ရတော့မယ်လို့ မြင်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ NCA ရဲ့ ကောင်းကျိုး၊ ဆိုုးကျိုးကို ချင့်ချိန်ပြီး တွက်ကြည့်ရမယ်လို့ မြင်ပါတယ်။ ကျနော်တို့ဘက်က ရန်သူနဲ့ဆွေးနွေးတဲ့အခါ နိုင်ငံရေးအရ ကျနော်တို့ လိုချင်တဲ့ အကုန်လုံးရမယ်လို့တော့ မဖြစ်နိုင်ဘူး။ ကျနော်တို့အနေနဲ့ ထည့်ပြီး စဉ်းစားရမှာက ရန်သူဘက်က သူတို့ ဘာလိုချင်လဲ။ ကျနော်တို့ကရော ဘာလိုချင်လဲ အဲဒါကို ချင့်ချိန်စဉ်းစားရမယ်။” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဘာသာပြန်မှ တဆင့် ပြောဆိုသည်။

ဗိုလ်ချုပ်ကြီး အင်န်ဘန်လက မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့များအားလုံး တစုတစည်းတည်း အပစ်ခတ်ရပ်စဲရေး မလုပ်နိုင်ခြင်းမှာ မတူကွဲပြားမှုများအပြင် အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ် NLD အစိုးရနှင့် တပ်မတော်အစိုးရ ဟူသည့် အစိုးရနှစ်ရပ် ဖြစ်နေသောကြောင့်ဟု ဆိုသည်။

“ကျနော်တို့ NCCT နဲ့ သွားတဲ့လမ်းကြောင်း NCA လက်မှတ်ရေးထိုးရေး ဒီကိစ္စတွေဟာ အင်မတန် ရှုပ်ထွေး၊ အင်မတန်မှလည်း လေးနက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ မတူကွဲပြားမှု၊ အဖွဲ့အသီးသီးရဲ့ စဉ်းစားမှု မတူညီလို့ အခုအထိ ကျနော်တို့ တစုတစည်းတည်း အပစ်ခတ်ရပ်စဲရေးကို မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ မလုပ်နိုင်ခဲ့တာလည်း အစိုးရပေါ်မှာလည်း မူတည်တယ်။ အခု မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ အစိုးရဟာ အားလုံး သိတဲ့အတိုင်း နှစ်ခုဖြစ်နေပါတယ်။ တခုတည်းမဖြစ်လို့ ဆွေးနွေးရာမှာ တော်တော်ပဲ မပြေမလည်ဖြစ်ပြီးတော့
အခက်အခဲ ပေါင်းစုံုကို ကျော်ဖြတ်နေရတာ ဖြစ်တယ်။” ဟု ဗိုလ်ချုပ်ကြီး အင်န်ဘန်လ က ဆိုသည်။

မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့အစိုးရ အဖြစ် အုပ်ချုပ်နေသော်လည်း အစိုးရ နှစ်ရပ် ပုံစံ ဖြစ်ပေါ်နေသည့် ဆိုသည့် အမြင်အပေါ် တိုုင်းရင်းသားခေါင်းဆောင်များအကြား တူညီသည့် အမြင်သဘောထားများ ရှိသည်ကိုလည်း အစည်းအဝေး အဖွင့်မိန့်ခွန်းများအရ သိရသည်။

“နိုင်ငံတကာ အနေနဲ့ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အရပ်သား အစိုးရအနေနဲ့ ရပ်တည်နေပြီ။ တကယ်တမ်းလက်တွေ့ကျတော့ စစ်အစိုးရကပဲအာဏာကို ဆုပ်ကိုင်ထားတာ တွေ့ရတယ်။ အဲဒါကို ခြုံငုံပြီး ကြည့်မယ်ဆိုရင် ဒီအချိန်မှာ အစိုးရ နှစ်ရပ် ရှိနေတယ်လို့ ပွင့်ပွင့်လင်းလင်း မြင်နိုင်ပါတယ်။ အဲဒါ ကျနော်တို့ ပြန်ပြီး ချင့်ချိန်ကြည့်မယ်ဆိုရင် ပြည်သူအစိုးရနဲ့ စစ်အစိုးရကို ကျနော်တို့က ဘယ်သူ့ကို ပိုုပြီး ပူးပေါင်းလုပ်ဆောင်မလဲဆိုတာ စဉ်းစားရမယ်။ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေ လိုချင်တာကတော့ သိပ်ပြီး ကွာဟ လိမ့်မယ်လို့ မထင်ပါဘူး။” ဟု ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

ထို့အပြင် ၎င်းက ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်တို့၏ အရေးကြီးမှုကြောင့် ပင်လုံစာချုပ်ကို ပစ်ပယ်၍ မရကြောင်း၊ လက်ရှိ စစ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံရေး အခြေအနေများအပေါ် နည်းလမ်းရှာကာ ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြောဆိုသည်။

“နိုင်ငံရေးအခင်းအကျင်းမှာ ကြည့်မယ်ဆိုရင် ဖြစ်နေတဲ့ အခြေအနေကိုလည်း ထည့်သွင်းစဉ်းစားရမယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေကို ကျနော်တို့ ဆန့်ကျင်ပြီး လုပ်မယ်၊ ဆွေးနွေးမယ်ဆိုုရင် ကျနော်တိုု့အနေနဲ့ အောင်မြင်မယ်လို့ မမြင်ပါဘူး။ အဲဒါကြောင့်မို့လို့ ကျနော်တိုုက်တွန်းချင်တာက ရှေ့ဆက်သွားတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့အကြောင်းရင်း၊ လတ်တလောအခြေအနေတွေ သုံးသပ်ပြီး ဘယ်လိုဆက်သွားမလဲ ဆိုတာ အဲဒါ တော်တော်အရေးကြီးပါတယ်။ ကျနော်တို့ အခုလုပ်နေတဲ့ NCA က ကျနော်တို့ကို စောင့်နေမယ်လို့တော့ မမြင်ဘူး။ ရှေ့ဆက်ပြီး အပြောင်းအလဲတွေ ရှိလာမယ်လို့ ကျနော်မြင်တယ်။ ဘယ်လိုုပဲ ပြောင်းလဲလာလာ။ ကျနော်တို့ဘက် အဲဒီလို ပြောင်းလဲလာတဲ့ အပြောင်းအလဲကို လက်ခံနိုင်ဖို့ အဆင်သင့်ဖြစ်နေရပါမယ်။” ဟု ၎င်းက ဆိုသည်။

ယနေ့ အစည်းအဝေး ပထမရက်တွင် NCA လက်မှတ်ရေးထိုးထားသောအဖွဲ့ ၈ ဖွဲ့နှင့် UNFC အဖွဲ့ဝင် ၇ ဖွဲ့ ထဲမှ ကရင်အမျိုးသားအစည်းအရုံုး (KNU) တဖွဲ့သည် ၎င်း၏ ၁၆ ကြိမ်မြောက် ကွန်ကရက် မပြိးဆုံးသေးသည့်အတွက် လာရောက်နိုင်ခဲ့ခြင်း မရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading