ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ ငဝန်မြစ်အတွင်း၌ ယမန်နေ့ည ၇ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည့် မော်တော်တိုက်မှုကြောင့် လူ ၂၀ ဦးသေဆုံးခဲ့ကာ လူ ၃၀ ဦးကို အုပ်ချုပ်ရေးတာဝန်ရှိသူများက အသက်ရှင်လျှက်ကယ်ဆယ်နိုင်ခဲ့သော်လည်း လူ ၉ ဦးမှာ ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
“မနေ့က ညပိုင်းမှာတင် အသက်ရှင်လျှက် အယောက် ၃၀ ကယ်ဆယ်နိုင်ခဲ့တယ်။ သေဆုံးသူကတော့ ၂၀ ဦး ရှိတယ်။ လူ ၉ ဦးကတော့ ပျောက်ဆုံးနေဆဲပဲ။ မြစ်ထဲမှာ ရှာဖွေရေးတွေတော့ ဆက်လုပ်နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ဧရာဝတီကို ပြောသည်။
ငပုတောမြို့နယ်၊ ကမ်းနီအုပ်စု ရခိုင်ကုန်းကျေးရွာမှ ဒေသခံများသည် ပုသိမ်ဟိုတယ်တွင် ကျင်းပသည့် မင်္ဂလာဧည့်ခံပွဲအခမ်းအနားသို့ လာရောက်ပြီးနောက် ငွေကြယ်ပွင့်မော်တော်ဖြင့် ငပုတော သို့ အပြန်လမ်းတွင် ပုသိမ်မြို့သို့ ဦးတည်မောင်းနှင်လာသည့် နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် ပုသိမ်မြို့အထွက် ကြက်တန်း ကူးတို့ဆိပ်အနီး မြစ်လယ်တွင် ည ၇ နာရီခွဲခန့်က တိုက်မိခဲ့ပြီး ငွေကြယ်ပွင့် မော်တော် တိမ်းမှောက်ခဲ့သည်။
“သူတို့မော်တော်က မီးမပါဘူး။ အဲဒီတော့ သူတို့လာနေတာ ကျနော်တို့ မမြင်ရဘူး။ သူတို့က ကျနော်တို့ သင်္ဘောရှေ့ကနေ အတင်းဖြတ်မောင်းတယ်။ အနားရောက်ကာမှ သူတို့မော်တော်ကိုတွေ့တော့ စက်ကို ရပ်လိုက်ပြီး အရှိန်သတ်ပေမယ့် မရတော့ဘူး။ မော်တော်နောက်ဖက်က အိမ်သာကိုတိုက်မိပြီး မော်တော်က တပတ်လည်ပြီးတော့မှ မှောက်သွားတာ”ဟု နဒီရွှေစင်သင်္ဘောမောင်းနှင်သူ ဦးအောင်က ပြောသည်။
ငွေကြယ်ပွင့်မော်တော်ပေါ်တွင် လိုက်ပါလာသူတချို့ကမူ နဒီရွှေစင်သင်္ဘောတွင်လည်း မီးပြထားခြင်း မရှိ သလို ၎င်းတို့စီးနင်းလာသည့် ငွေကြယ်ပွင့်မော်တော်တွင်လည်း မီးမပြထား သည့်အတွက် နှစ်ဖက်လုံး မမြင်ရဘဲ ဝင်တိုက်မိသည်ဟု ပြောဆိုသည်။
မော်တော်မှောက်သည့်အတွက် မြစ်ထဲတွင် ရေစီးဖြင့်မျောပါနေသူများကို အနီးနားရှိ စက်လှေများ၊ ရေကြောင်း ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပုသိမ်မြို့အခြေစိုက် ရေတပ်နှင့် မီးသတ်ဌာနတို့မှ ဝိုင်းဝန်းဆယ်ယူခဲ့ကြရာ ည ၉ နာရီခန့်တွင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၄ ဦး စုစုပေါင်း လူ ၃၀ ဦးကို အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ သော်လည်း အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၄ ဦး ရေနစ်သေဆုံးခဲ့သည်။ သေဆုံးသူများမှာ ငပုတောမြို့နယ်၊ ကမ်းနီအုပ်စု ရခိုင်ကုန်းကျေးရွာဒေသခံများဖြစ်သည်။
မော်တော်တိုက်မှုကြောင့် ပုသိမ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရခိုင်ကုန်းကျေးရွာဒေသခံများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယနေ့ နံနက်ပိုင်းတွင် လိုက်လံတွေ့ဆုံအားပေးခဲ့ပြီး သေဆုံးခဲ့သူ ၂၀ ဦးအတွက် တစ်ဦးလျှင် ထောက်ပံ့ငွေ ၃ သိန်းကျပ်စီ၊ ဆေးရုံတက်ရောက်ကုသနေသူ ၃၀ ဦးအတွက် ထောက်ပံ့ငွေ ၅ သောင်းကျပ်စီ ပေးအပ်ကူညီခဲ့ကြောင်း သိရသည်။
လူ ၂၀ သေဆုံးစေခဲ့သည့် မော်တော်တိုက်မှုအတွက် အဓိကတာဝန်ရှိသူ ငွေကြယ်ပွင့်မော်တော် မောင်းနှင်သူနှင့် နဒီရွှေစင်သင်္ဘောမောင်းသူ ၂ ဦးကို ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်ကာ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။