ကရင်အမျိုးသား အစည်းအရုံး (KNU) မှ စောမူတူးစေးဖိုးက ဥက္ကဋ္ဌ အဖြစ် ယနေ့ ပြန်လည် ရွေးချယ်တင်မြှောက် ခံခဲ့ရပြီး ယခင် KNU ၏ အထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ဒုတိယဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခံခဲ့ရသည်။ သူတို့ ၂ ဦး သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် မြန်မာတပ်မတော် ခေါင်းဆောင် များ နှင့် ဆက်ဆံရေး ကောင်းမွန်သူများ ဖြစ်ကြသည်။
ပဒိုစောတာဒိုမူး က KNU ၏ အထွေထွေအတွင်းရေးမှူး အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။ သူကလည်း နေပြည်တော် နှင့် နီး စပ်သော KNU ခေါင်းဆောင် အဖွဲ့မှ ဖြစ်သည်။ ခေါင်းဆောင်သစ်များ အားလုံးသည် မြန်မာနိုင်ငံ၏ သမ္မတဟောင်း ဦးသိန်းစိန် နှင့်လည်း မိတ်ဆွေကောင်းများ ဖြစ်ကြသည်။
ခေါင်းဆောင်သစ်များ၏ ဦးဆောင်မှုအောက်၌ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နှင့် ပတ်သက်၍ KNU ၏ ချဉ်းကပ်မှု က ကြီးမားသော အပြောင်းအလဲ ရှိလာမည် မဟုတ်ဘဲ ပွင့်လင်းမြင်သာမှု မရှိခြင်းကြောင့် ဝေဖန်မှုများ ရှိနေသည့်တိုင် အောင် ပိုမို၍ပင် မြန်ဆန်လာနိုင်သည်ဟု လေ့လာစောင့်ကြည့်သူများက ယူဆကြသည်။ KNU နှင့် မြန်မာတပ်မတော် ၏ ဆက်ဆံရေးက ဝေဖန်မှုများ ရှိနေသည့်ကြားမှပင် ပို၍ ကောင်းမွန်လာပါ လိမ့်မည်။
ခေါင်းဆောင်သစ်များက ခေါင်းဆောင်မှုအပိုင်းကို အပြည့်အဝ လွှမ်းမိုးထားနိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အတိုက် အခံ မရှိ ဦးဆောင်နိုင်ရေး အတွက် အခွင့်အာဏာ အလုံးစုံရရှိထားသည်။
ပို၍ အံ့သြစရာကောင်းသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်တွင် သံသယရှိခဲ့သော KNU ခေါင်းဆောင်များ နှင့် သဘောထားတင်းမာသူများဟု ယူဆခြင်းခံရသူများ ခေါင်းဆောင်ပိုင်းမှ ဖယ်ထုတ်ခြင်းခံခဲ့ရပြီး KNU ခေါင်းဆောင်ပိုင်း တွင် အာဏာ ဟန်ချက်ညီမျှမှု လုံးဝ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
၎င်းတို့မှာ ဒုတိယ ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန်၊ တွဲဖက် အတွင်းရေးမှူး ၂ ပဒိုမန်းမန်း နှင့် KNU ၏ လက်နက်ကိုင်အဖွဲ့ အစည်း ဖြစ်သော ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘော ကျော်ဟဲ တို့ ဖြစ်သည်။ အဆိုပါ ခေါင်းဆောင်များသည် တယောက်မှ KNU ၏ အမြဲတမ်းဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်ခြင်း မခံခဲ့ရပါ။
ခေါင်းဆောင်သစ်များက KNU ကို နောက်ထပ် ၄ နှစ် ဦးဆောင်သွားကြမည် ဖြစ်ပြီး သူတို့၏ ဦးဆောင်မှု အောက်တွင် မည်သူကမျှ ဝင်ရောက်စွတ်ဖက်ရန် မဖြစ်နိုင်သည့် အသွင်ရှိနေသည်။
သို့သော်လည်း ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် သဘောထားတင်းမာသူများက ခေါင်းဆောင်သစ်များ၏ လက်အောက် တွင် မည်ကဲ့သို့ ရှေ့ဆက်သွားကြမည်ဆိုသည်က မရှင်းလင်းသေးပါ။ သူတို့က KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင် သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် ကျေနပ်နှစ်သိမ့်မှု မရှိခဲ့ကြ၍ ဖြစ်သည်။ သဘောထားတင်းမာသူများ အဖွဲ့က KNU မှ ခွဲထွက်သွားမည်ကို အချို့က စိုးရိမ်နေကြသည်။
ခေါင်းဆောင်သစ်များက ကရင်လူထုကို ဆွေးနွေးတိုင်ပင်ခြင်း မပြုဘဲ နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ နှင့် နေ ပြည်တော်မှ စစ်ဘက်အရာရှိများ နှင့် ပိုမိုနီးကပ်သော ဆက်ဆံမှုများ ပြုလုပ်သွားမည်ကိုလည်း လေ့လာစောင့် ကြည့် သူများက စိုးရိမ်နေကြသည်။ ခေါင်းဆောင်သစ်များ၏ လက်အောက်တွင် ကရင်ပြည်နယ်၌ စီးပွားရေး အခွင့်အလမ်း များ နှင့် ဖွံ့ဖြိုးရေး စီမံကိန်းများ ပိုများလာမည်ဟု မျှော်လင့်ရသည်။
ပြီးခဲ့သည့် နှစ် နိုဝင်ဘာလအတွင်းက စောမူတူးစေးဖိုး နှင့် ပဒိုကွယ်ထူးဝင်းတို့က နေပြည်တော်တွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၃ နာရီ နီးပါးကြာမျှ တွေ့ဆုံခဲ့ကြသည်။ သူတို့၏ တွေ့ဆုံမှုနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆို မှု မရှိသော်လည်း KNU ခေါင်းဆောင်များကို ဦးသန်းရွှေက နေပြည်တော်ရှိ သူ၏နေအိမ်တွင် ကောင်းမွန်စွာ ကြိုဆိုခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
KNU ဥက္ကဋ္ဌမှာ မြန်မာ စီးပွားရေးလုပ်ငန်း ရှင်တဦး ဖြစ်သည့် ဦးငွေစိုးနှင့်လည်း ရင်းနှီးသူ ဖြစ်သည်။ Dawei Princess Co.,Ltd ၏ အမှုဆောင်ဒါရိုက်တာ နှင့် Sun and Rainbow Co.,Ltd ၏ ဒါရိုက်တာ ဖြစ်သော ဦးငွေစိုးက KNU ခေါင်းဆောင်များ နှင့် ဦးသန်းရွှေတို့ တွေ့ဆုံရန် စီစဉ်ပေးခဲ့သူ ဖြစ်သည်။
စောမူတူးစေးဖိုး နှင့် ပဒိုကွယ်ထူးဝင်း တို့မှာ သူတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်မှုများ အတွက် ချီးကျူးမှုရော ပြစ်တင်ဝေဖန်မှုပါ ခံခဲ့ကြရသူများ ဖြစ်သည်။ သူတို့၏ ဦးဆောင်မှုဖြင့် KNU က ၂၀၁၂ တွင် အပစ်အခတ်ရပ်စဲရေး သ ဘောတူညီချက် နှင့် ၂၀၁၅ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) တို့ကို လက်မှတ်ရေးထိုးခဲ့သည်။
ပဒိုစောဆဲပွယ် ခေါ် ပဒိုစောစတိဖ် က KNU ၏ တွဲဖက်အတွင်းရေးမှူး ၁ အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ သူက ကရင် ပြည်နယ်တွင်းမှ စစ်ရှောင် ဒုက္ခသည်များ ကို ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေသည့် ကယ်ဆယ်ရေး အဖွဲ့ အစည်း တခု ဖြစ်သော Committee of Internally Displaced Karen People (CIDKP) အတွက်လည်း လုပ်ပေးနေသူ ဖြစ်သည်။
ပဒိုစောလှထွန်း က တွဲဖက်အတွင်းရေးမှူး ၂ အဖြစ် ရွေးချယ်ခြင်းခံရသည်။ သူက စောမူတူးစေးဖိုး နှင့် ရင်းနှီးသူတဦး ဖြစ် ပြီး ကရင်လူငယ် အဖွဲ့ (Karen Youth Organization) တွင် လုပ်ကိုင်နေသူ ဖြစ်သည်။
KNU ၏ ၁၆ ကြိမ်မြောက် ညီလာခံကို ကရင်ပြည်နယ် ဘားအံခရိုင် ရှိ KNU ဌာနချုပ် ဖြစ်သော လော်ခီးလာတွင် ၃ ပတ် ကြာကျင်းပခဲ့သည်။ KNU ကိုယ်စားလှယ်များက ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ၄၁ ဦးကိုလည်း ဧပြီလ ၇ ရက်နေ့က ရွေးချယ်ခဲ့သည်။
KNU ၏ တပ်မဟာ ၇ ခုမှ ဗိုလ်မှူးချုပ်များ နှင့် KNU ၏ ခရိုင် ၇ ခုမှ ဥက္ကဋ္ဌများက အမြဲတမ်းဗဟိုကော်မတီဝင် အဖြစ် အလို အလျောက် ခန့်အပ်ခြင်းခံရပြီး ကိုယ်စားလှယ်များက ရွေးချယ်သည့် ဗဟိုကော်မတီဝင် ၄၁ ဦး အပါအဝင် စုစုပေါင်း အမြဲတမ်းဗဟို ကော်မတီဝင် ၅၅ ဦး ရှိပါသည်။
ထိပ်တန်းခေါင်းဆောင် ၅ ဦးက KNU ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဖွဲ့စည်းရန် နောက်ထပ် အမြဲတမ်း ဗဟိုကော်မတီဝင် ၆ ဦး ကိုရွေးချယ်သွားမည် ဖြစ်ပြီး အဆုံးအဖြတ် ချမှတ်မည့် အဖွဲ့အစည်း ဖြစ်သော ဗဟိုအလုပ် အမှုဆောင် ကော်မတီကို အဖွဲ့ ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။