ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီးရှိ ငဝန်မြစ်အတွင်း ဧပြီလ ၇ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် မော်တော် တိုက်မှုကြောင့် ပျောက်ဆုံးနေသူ ၁၀ ဦး၏ အလောင်းများကို ယနေ့ နံနက်ပိုင်းက ဆယ်ယူရရှိသည်။
ကယ်ဆယ်ရေးအဖွဲ့မှ ရဲအုပ် သိန်းမင်းဦး “အလောင်းတွေ ဒီကနေ့ မနက် ၆ နာရီကစပြီးတော့ ဆယ်နေပါတယ်။ လက်ရှိနေ့လည် ၁၂ နာရီဝန်းကျင်အထိ အလောင်း ၉ လောင်း ဆယ်ယူရရှိထားပါတယ်။ မနေ့ညနေပိုင်းက တွေ့ရတဲ့ အမျိုးသမီးတဦးအလောင်းနဲ့ ဆိုရင် စုစုပေါင်း ၁၀ လောင်း ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
အလောင်းများကို ရေကြောင်းရဲတပ်ဖွဲ့၊ ပုသိမ် အခြေစိုက်ရေတပ်၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင် အင်ဂျင် နီယာတပ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် စုပေါင်းကယ်ဆယ်ရေးအဖွဲ့ဖြင့် ဆယ်ယူနေခြင်းဖြစ်ပြီး ယနေ့ ဆယ်ယူရရှိ သူများမှာ ငွေကြယ်ပွင့်မော်တော်ကို အဓိကမောင်းနှင်သူ ဦးလင်းထိုက်နှင့် အမျိုးသမီး ၆ ဦး၊ ကလေးငယ် ကျား ၁ ဦး၊ မ ၂ ဦးအပါအဝင် စုစုပေါင်း ၁၀ ဦး ဖြစ်ကြောင်း သိရသည်။
“အလောင်း ၈ လောင်းကတော့ ပုသိမ် မြို့နားက ငဝန်မြစ်ထဲမှာပဲ ပေါ်လာတာပါ။ အဲဒီအလောင်းတွေကို မော်တော်ဘုတ်တွေနဲ့ လိုက်လံဆယ်ယူခဲ့ပါတယ်။ အမျိုးသမီး ၂ ဦးအလောင်းကတော့ ငပုတောမြို့နယ် အုန်းပင်စုရွာဘက်မှာ သွားပေါ်လို့ ရေတပ်ကနေ စစ်သင်္ဘောနဲ့ သွားရောက်ဆယ်ယူခဲ့တာ ဖြစ်ပါတယ်”ဟု ကယ်ဆယ်ရေးအဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ပုသိမ်ဟိုတယ်တွင် ကျင်းပသည့် မင်္ဂလာဧည့်ခံပွဲအခမ်းအနားသို့ လာရောက်ပြီးနောက် ငပုတောသို့ပြန်သည့် ငွေကြယ်ပွင့်မော်တော်နှင့် ပုသိမ်မြို့သို့ ဦးတည်မောင်းနှင်လာသည့် နဒီရွှေစင်ကျောက်တင်သင်္ဘောတို့မှာ ပုသိမ်မြို့အထွက် ကြက်တန်း ကူးတို့ဆိပ်အနီး မြစ်လယ်တွင် ဧပြီလ ၇ ရက်နေ့ ည ၇ နာရီခွဲခန့်က တိုက်မိခဲ့ပြီး ငွေကြယ်ပွင့် မော်တော် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
မော်တော်မှောက်မှုကြောင့် လူ ၃၀ ဦးကို အသက်ရှင်လျှက် ကယ်ဆယ် နိုင်ခဲ့ သော်လည်း လူ ၂၀ ဦးမှာ ညတွင်းချင်း သေဆုံးခဲ့သည်။ ယနေ့တွင် အလောင်း ၁၀ လောင်း ထပ်မံဆယ်ယူ ရရှိခဲ့သည့်အတွက် ငွေကြယ်ပွင့်မော်တော်မှောက်မှုကြောင့် သေဆုံးသူ ၃၀ ဦးရှိသွားခဲ့ပြီဖြစ်သည်။
အဆိုပါအလောင်းများကို ဂရုဏာ၊ မနောဖြူစသည့် လူမှုရေးကူညီရေးအသင်း နိဗ္ဗာန်ယာဉ်များဖြင့် ပုသိမ် ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ သေဆုံးသူများမှာ ငပုတောမြို့နယ် ကမ်းနီအုပ်စု ရခိုင် ကုန်းကျေးရွာဒေသခံများဖြစ်သည်။
“အလောင်းတွေမှာပါတဲ့ လက်ဝတ်ရတနာတွေကို ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ ကြက်ခြေနီတွေနဲ့ ကာယကံရှင်မိသားစုရှေ့မှာပဲ ရှာဖွေပုံစံနဲ့ ကျနော်တို့ သိမ်းထားပါတယ်။ နောက်ရက်မှာ ကျန်ရစ်သူမိသားစု အားလုံးဖိတ်ခေါ်ပြီးတော့ စနစ်တကျ ပြန်လည်ပေးသွားမှာပါ”ဟု ရဲအုပ် သိန်းမင်းဦးက ပြောသည်။
အခင်းဖြစ်ပွားသည့် ညက ဆယ်ယူထားသည့် သေဆုံးသူ ၁၉ ဦး၏ ရုပ်အလောင်းများကို ကျန်ရစ်သူမိသားစု သဘောဆန္ဒအရ ပုသိမ်မြို့ သရောင်းချောင်း မီးသဂြိုဟ်စက်တွင် ပုသိမ်မြို့ခံ လူမှုရေးအသင်းအဖွဲ့များ အကူ အညီဖြင့် ယမန်နေ့က မီးသဂြိုဟ်ခဲ့ပြီးဖြစ်သည်။
လူ ၃၀ သေဆုံးစေခဲ့သည့် မော်တော်တိုက်မှုအတွက် အဓိကတာဝန်ရှိသူ ငွေကြယ်ပွင့်မော်တော်မှ သီဟအောင် နှင့် နဒီရွှေစင်သင်္ဘောမောင်းသူ ဦးအောင်တို့အား ပုဒ်မ ၃၀၄ (က) ၃၃၇၊ ၃၃၈၊ ၂၈၀ တို့ဖြင့် ပုသိမ်နယ်မြေ ရဲစခန်းက အမှုဖွင့်၍ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။