သတင်း

မကွေးတိုင်း အစိုးရ အဖွဲ့ဟောင်း ငွေကြေးအရှုပ်တော်ပုံ သမ္မတရုံး ဆုံးဖြတ်မည်

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ လက်ထက်အတွင်း ဒေသတွင်း ရေနံလက်ယက်တွင်းများမှ ရရှိသည့် အခွန်ရန်ပုံငွေ ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံ ပျောက်ဆုံးနေသည့်အမှုကို နိုင်ငံတော် သမ္မတရုံးက ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

ထိုအမှုကို သမ္မတရုံးက တာဝန်ပေး စုံစမ်းစစ်ဆေးခိုင်း၍ ပြည်ထဲရေး ဝန်ကြီးဌာနလက်အောက် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာနက မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် စုံစမ်းစစ်ဆေးခဲ့ပြီး တွေ့ရှိ ချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်နှင့်အတူ သမ္မတရုံးသို့ တင်ပြထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ဧရာဝတီ၏ မေးမြန်ချက်ကို ပြန်လည်ပြောဆိုသည်။

ဦးတင်မြင့်က “စုံစမ်းစစ်ဆေး တွေ့ရှိချက်များနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ဥပဒေအကြံပြုချက်တွေ တောင်းခံခဲ့ပြီးတော့မှ အကြံပြုချက်နဲ့အတူ နိုင်ငံတော် သမ္မတရုံးကို ပြန်လည်တင်ပြထားတယ်။ သမ္မတရုံးကတော့ ဒီအပေါ်မှာ အတည်ပြုခြင်း၊ ညွှန်ကြားခြင်းများ တစုံတရာ ပေးပို့ညွှန်ကြားခြင်း မရှိသေးဘူး” ဟု ဆိုသည်။

ယနေ့ နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် ပြည်ထဲရေး၊ ပြန်ကြားရေး၊ ဆောက်လုပ်ရေးနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး အစိုးရဝန်ကြီးဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များ ၁ နှစ်ပြည့် ရှင်းလင်းခြင်း အခမ်းအနားတွင် ဦးတင်မြင့်က အထက်ပါကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ကမူ“ကျနော်ပြောလို့ မရသေးဘူး။ ဒါကလူကြီးတွေ ဆုံးဖြတ်ရမယ့် ကိစ္စပါ” ဟု ဧရာဝတီကို ပြောသည်။

ကျပ် ၄.၈ ဘီလီယံနီးပါးရှိသည့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မကွေးတိုင်း အစိုးရ သစ်ကို လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရမှုအပေါ် ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က ပြည်သူ့လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ရာမှ ယခုကဲ့သို့ စုံစမ်းစစ်ဆေးမှုများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း မကွေးတိုင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်က ပြောသည်။

မကွေးတိုင်း အစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဝန်ကြီး ဦးနေမျိုးကျော်က “ကျနော်ပြောနိုင်တာက ဒီပိုက်ဆံတွေဟာ ပြီးခဲ့တဲ့ အစိုးရရဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများရဲ့ ကိုယ်ပိုင်ငွေ မဟုတ်ဘဲနဲ့ ပြည်သူတွေက တာဝန်သိသိနဲ့ အခွန်ပေးဆောင်ခဲ့တဲ့ ငွေတွေ ဖြစ်တယ်။ ဒီငွေတွေ ဘယ်ရောက်သွားလဲဆိုတာကို ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီး ဆက်လက် ဖော်ထုတ် သွားမယ်ဆိုတာကို အတိအလင်း ပြောလိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အမှန်တကယ် စစ်ဆေးမှုပြုရာတွင် ငွေကျပ် ၇.၄၅၉ ဘီလီယံအထိ ပျောက်ဆုံးနေကြောင်း သိရှိရသဖြင် ထိုငွေများကို မည်သည့်နေရာတွင် အသုံးပြုခဲ့ကြောင်းနှင့် ဥပဒေနှင့် မညီဘဲ ငွေကြေးအလွဲသုံးစား လုပ်ထားသည့် ကိစ္စများကိုု ပြည်ထောင်စုအဆင့်က စစ်ဆေးနေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မကွေးတိုင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေခေါင်းစဉ်ဖြင့် ကောက်ခံခဲ့သည့် ကျပ် ၂ ဒသမ ၈ ဘီလီယံခန့်သည် ဒေသဖွံ့ဖြိုးရေး အတွက် အမှန်တကယ် သုံးစွဲခဲ့ပါသလားဆိုသည့် မေးခွန်းကို ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်း က လွှတ်တော်၌ မေးမြန်းခဲ့ရာတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးဖေဇင်ထွန်းက ယခင် အစိုးရက ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့ခြင်း မရှိသလို ယခုအစိုးရသို့လည်း လွှဲပြောင်းခဲ့ခြင်း မရှိဟု ပြန်လည် ဖြေကြားခဲ့သည်။

မကွေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ လက်ထက်အတွင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဟုဆိုကာ ရေနံ ၁ ပေပါလျှင် ကျပ် ၅၀ဝ၀ နှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading