E – lottery ထီစနစ်ဖြင့် ကျင်းပမည့် ကျပ် ၅၀ တန်ထီ တလလျှင် ၂ ကြိမ် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းက ပြောသည်။
ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ၌ ဧပြီလ ၁၀ ရက်က ပြုလုပ်သော ဒုသမ္မတ ဦးမြင့်ဆွေနှင့် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောကြားခြင်း ဖြစ်သည်။
ဝန်ကြီး ဦးကျော်ဝင်းက “အောင်ဘာလေ ထီဥပဒေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ လွတ်တော်တုန်းက e- lottery ထီစနစ်ကို အချိန် မီ တင်ပြခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ဥပဒေ မထွက်လာသေးပါဘူး။ အဲ့ဒီထဲမှာ ၅၀ တန်ထီပါတယ်။ e- lottery စနစ်ထဲမှ ၅၀ တန်ထီက အွန်လိုင်းကနေဖုန်းနဲ့ ထီထိုးနိုင်မှာ ဖြစ်ပါတယ်။ သာမန်လူတန်းစားတွေ အတွက် ထီ ထိုးလို့ ရအောင် ရည်ရွယ်ပါတယ်။ တလ ၂ ကြိမ် ဖွင့်လှစ်နိုင်ဖို့ စဉ်းစားထားပါတယ်”ဟု ပြောသည်။
အဆိုပါ ၅၀ တန်ထီကို ဆုငွေ ကျပ် ၁ သိန်း နှုန်းဖြင့် တလလျှင် ၂ ကြိမ် ဖွင့်လှစ်ပြီး ဆုမဲပေါင်း ၁ သောင်း (သို့မဟုတ်) ၂ သောင်း ဖွင့်လှစ်ပေးမည်ဖြစ်ကာ လစဉ်ဝင်ငွေ ရရှိနိုင်ရန် နှင့် အခြေခံ လူတန်းစားများ အတွက် အထောက်ပံ့ ဖြစ်စေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောဆိုသည်။
ဆက်လက်၍ ဝန်ကြီးက “လစဉ် လူပေါင်း ၄၀၀၀၀ လောက် သူတို့ရဲ့ စားဝတ်နေရေး အထောက်အပံ့ ဖြစ်စေပါတယ်။ ငွေ ၅၀ ထဲနဲ့ ထီထိုးလို့ ရအောင် လုပ်ပါမယ်။ အွန်လိုင်းကနေ ဖုန်းနဲ့ ထိုးရတဲ့စနစ် လုပ်မှာ ဖြစ်တယ်”ဟု ပြောသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှွှန်ကြားရေးမှူး ဦးမင်းထွဋ်ကလည်း “e- lottery ထီစနစ် စတင်ဖို့အတွက် Lottery နဲ့ ပတ်သက် တဲ့ ပညာရှင်ကို ငှားရမ်းပြီးပြီ။ ငှားရမ်းတဲ့ လုပ်ငန်းကို ကမ္ဘာ့ဘဏ်ရဲ့ ဝက်ဘ်ဆိုက်ကနေ ယာယီ ရွေးချယ် ထားပြီးပြီ ဖြစ် တယ်။ တရားဝင် ငှားရမ်းခွင့် ရရှိဖို့ အတွက် အစိုးရအဖွဲ့ရုံး အစည်းအဝေးကို တင်ပြထားတယ်။ သဘော တူတယ် ဆိုရင် ငှားရမ်းဖို့ အတွက် ဆောင်ရွက်မှာ ဖြစ်တယ်။ ၅၀ တန်ထီကတော့ 3 digit (၃ လုံး)၊ 2 digit (၂လုံး) ဖြစ်ဖို့ များပါတယ်” ဟု ပြောကြားသည်။
E – lottery ထီစနစ်ကို လက်ရှိတွင် တရုတ်၊ စင်ကာပူ၊ အမေရိကန်၊ မလေးရှား၊ ထိုင်ဝမ်၊ ကိုရီးယားနှင့် အိန္ဒိယ နိုင်ငံများမှ လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နိုင်ရန် ဆွေးနွေးမှုများရှိနေကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲ ပြည်တွင်းအခွန်များ ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင် က ပြောသည်။
ယင်း E – lottery ထီစနစ်ကို အကောင်အထည် ဖော်ခြင်းဖြင့် ပြင်ပတွင် ထီဈေးကြီး ပေးဝယ်ရခြင်း မရှိခြင်း၊ မိမိကိုယ်တိုင် ထိုးသည့်နှုန်းထားအလိုက် ဆုကြေးငွေ ရရှိမည်ဖြစ်ခြင်း၊ စိတ်ကြိုက်နံပါတ်ကို လူဦးရေ ကြိုက်သလောက် ထိုးနိုင်ခြင်း၊ အင်တာနက်လိုင်း ရှိသော မည်သည့်နေရာတွင်မဆို ထီထိုးနိုင်ခြင်း စသည်တို့ကို ရရှိမည်ဖြစ်ပြီး နောက်ပိုင်းတွင် မိုဘိုင်း ဖုန်းများမှ ဝယ်ယူနိုင်သော အခြေအနေများအထိ ရောက်ရှိစေရန်အထိ တဆင့်ချင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း ၎င်းက ပြောသည်။
E – lottery လုပ်ဆောင်မည့် ကုန်စရိတ်တချို့တဝက်ကို World bank မှ ကုန်ကျခံ ဆောင်ရွက်ပေးမည် ဖြစ်ပြီး e-lottery ထီစနစ်ကို လက်ရှိတွင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် စင်ကာပူ၊ တရုတ်၊ မလေးရှား နိုင်ငံများ၌ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလတွင် အောင်ဘာလေထီ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွတ်တော်သို့ တင်ပြ ဆွေးနွေး ထားဖြစ်သောကြောင့် နည်းဥပဒေ ရေးဆွဲ အတည်ပြု ပြီးလျှင် စတင်ဆောင်ရွက်သွားမည် ဖြစ်သည်။