NLD ပါတီ ဥပဒေ အကြံပေး၊ တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှု၌ ရဲတပ်ဖွဲ့က တရားခံပြေး အဖြစ် သတ်မှတ် ထားသူ ဒု ဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်ဆိုသူကို နည်းလမ်းမျိုးစုံ သုံးပြီး “ရေဆုံးရေဆန်” လိုက်ရှာနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောသည်။
“တရားခံပြေး အောင်ဝင်းခိုင်နဲ့ ပတ်သက်လို့ ကျနော်တို့က နေပြည်တော်မှာရှိတဲ့ မြို့နယ် ၈ မြို့နယ်ရော ရပ်/ကျေး တွေနဲ့ရော ပေါင်းစပ် ပြီးတော့မှ ပိုက်စိတ်တိုက် ရှာပြီးပါပြီ။ နေပြည်တော်တင် မဟုတ်ဘူး အောင်ဝင်းခိုင်ပါတဲ့ ဓာတ်ပုံရော၊ စာရောက တိုင်းနဲ့ ပြည်နယ်အနှံမှာ ပေးထားပြီး ဖြစ်ပါတယ်”ဟု ၎င်းက မနေ့က နေပြည်တော်တွင် ပြောသည်။
အောင်ဝင်းခိုင် ခြေရာဖျောက်သွားသည့် နေပြည်တော်တွင်လည်း ပိုက်စိတ်တိုက် ရှာဖွေခဲ့ပြီးနောက် ပြည်ပနိုင်ငံများသို့ တိမ်းရှောင် နေပါကလည်း မလွတ်စေရန် INTERPOL (အင်တာပိုလ်) ကဲ့သို့ နိုင်ငံတကာ ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း သိရသည်။
ရဲချုပ်ဇော်ဝင်းက“အဓိက, ကတော့ လုပ်ထုံးလုပ်နည်းအရသာ မဟုတ်ဘဲနဲ့ ရေဆုံးရေဆန် မရရအောင် လိုက်နေပါတယ်ဆိုတာ လုပ်ပြ တယ်၊ လုပ်တဲ့ ဆောင်ရွက်ချက်ပဲ ဖြစ်ပါတယ်”ဟု မနေ့က နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပသည့် အစိုးရ ဝန်ကြီးဌာန များ၏ တနှစ်ပြည့် ဆောင်ရွက်ချက်များ ရှင်းလင်းပွဲ အခမ်းအနားတွင် သတင်းထောက်များကို ပြောသည်။
ထို့ပြင် အောင်ဝင်းခိုင်နှင့် ပတ်သက်၍ အာဆီယံ နိုင်ငံ ၁၀ ခုသို့ အကြောင်းကြားခဲ့ရာ ယင်းနိုင်ငံများထဲမှ တဝက်ခန့်က ၎င်းတို့၏ နိုင်ငံများထဲသို့ တရားဝင် ဝင်ပေါက်မှ ရောက်ရှိလာခြင်း မရှိဟု အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။
“အောင်ဝင်းခိုင်ရဲ့ နောက်ကြောင်းကို ကြည့်ရင် သံဖြူဇရပ်မှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ သူ့အဆက်အနွယ် တွေက နယ်စပ်တွေမှာ ရှိနိုင်တယ်။ ပြည်တွင်းမှာပဲ ဖြစ်ဖြစ်၊ ပြည်ပမှာပဲ ဖြစ်ဖြစ် ဘယ်လိုမှ တိမ်းရှောင်လို့ မရအောင် ဖမ်းဆီးနိုင်ဖို့ အတွက် အာဆီယံ ၁၀ နိုင်ငံလုံးကို သူ့ဓာတ်ပုံတွေနဲ့ အကြောင်းကြားတယ်”ဟု ရဲချုပ်ဇော်ဝင်းက ပြောသည်။
အာဆီယံ ပြင်ပ ရောက်ရှိသွားပါကလည်း ဘယ်နိုင်ငံံသို့ ရောက်ရောက် အမြန်ဆုံး ဖမ်းမိနိုင်ရန် အင်တာပိုလ်သို့ Red Notice ပေးထား ကြောင်း၊ အင်တာပိုလ်အဖွဲ့ဝင် နိုင်ငံတခုက အလိုရှိသည့် တရားခံတယောက်ကို အထောက်အထား အပြည့်အစုံနှင့် တောင်းဆိုပါက အင်တာပိုလ် အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ဖမ်းဆီး၍ ပြန်လွှဲပေးရကြောင်း သိရသည်။
“အကယ်၍ လွှဲမပေးနိုင်ဘူးဆိုရင်လည်း ကိုယ့်နိုင်ငံမှာ ရှိတယ်၊ မရှိဘူး။ သူဘယ်လို နေထိုင်လှုပ်ရှားတယ်ဆိုတာ ပြန်ကြားပေးရပါတယ်။ ဒါကတော့ ရဲတပ်ဖွဲ့ဝင် အချင်းချင်းရဲ့ ကတိကဝတ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကဆိုရင် ကိုရီးယားနိုင်ငံက Red Notice ထုတ်ထားတဲ့ သူ ထိုင်းနိုင်ငံကနေ ကျနော်တို့ဘက်ကို ကူးလာတဲ့အချိန်မှာ ရပါတယ်။ သူ့ကို ထိန်းသိမ်းပြီး ပြန်လွှဲဖို့ ဆောင်ရွက်ပေးရပါတယ်”ဟု ရဲချုပ်က ပြောသည်။
အောင်ဝင်းခိုင်သည် ၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစား ယူခဲ့သူတဦး ဖြစ်ပြီး ဦးကိုနီ လုပ်ကြံ ခံရမှုတွင် သေနတ်သမား ကြည်လင်းကို ငွေပေး၍ သတ်ရန် ခိုင်းစေခဲ့သူ ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်၏ ညီတော်စပ်သူ တဦး ဖြစ်ကြောင်း၊ ဦးကိုနီ လုပ်ကြံမခံရမီ အချိန်ပိုင်းကလေးအတွင်း ရန်ကုန်လေဆိပ်၌ လေယာဉ်ဝင်ထွက်ချိန်များကို စုံစမ်းခဲ့သေးကြောင်း သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။