ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေ ရဲစခန်းမှူးနှင့် နယ်ထိန်းခေါင်းဆောင်တို့ထံမှ လိုင်စင်မဲ့ ကား ၂ စီး ကို ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တောင်ငူခရိုင်ရဲတပ်ဖွဲ့က ဇရပ်ကြီး နယ်မြေရဲစခန်းသို့ စခန်းတွင်း စစ်ဆေးရန်ရောက်ရှိစဉ် Honda Stream နှင့် Mark-II အမျိုးအစား ယာဉ် ၂ စီးကို တွေ့ရှိ၍ စစ်ဆေးရာမှ ဇရပ်ကြီးစခန်းမှူး ရဲအုပ်နိုင်စိုးဦးနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုးမြင့်ဦးတို့ ပိုင်ဆိုင်သည့် ကားများဖြစ်ပြီး တရားမဝင် ဝယ်ယူအသုံးပြုနေသည့် မော်တော်ယာဉ်များဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ထန်းတပင်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင် ပြောသည်။
“ဧပြီလ ၆ ရက်နေ့က အမြန်လမ်း ၁၄၇ မိုင် ၄ ဖာလုံမှာ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တာကို ဖမ်းလိုက်တော့ မိတယ်ဗျာ။ အဖမ်းခံရတဲ့အထဲမှာ ဇရပ်ကြီးရဲစခန်းက ရဲ နှစ်ယောက်ပါတယ်။ ထပ်ပြီးစစ်ဆေးတော့ ဒီကားကိစ္စတွေ ရဲလေးတွေက ဖော်လိုက်တယ်ထင်တယ်။ အဲဒီကနေ ဇရပ်ကြီးရဲစခန်းက စခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တွေကို ဖမ်းသွားတာပဲ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ တောင်ငူခရိုင်ရဲတပ်ဖွဲ့နှင့် ထန်းတပင်မြို့နယ်ရဲတပ်ဖွဲ့တို့အား ဧရာဝတီမှ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားနိုင်သူများ အစည်းအဝေးပြုလုပ်နေ၍ မအားသေးကြောင်း၊ ထန်းတပင်မြို့နယ် မြို့မရဲစခန်းမှူးကလည်း အထက်မှ ညွှန်ကြားချက်မရ၍ မဖြေကြားနိုင်ကြောင်း ဧရာဝတီကိုပြောသည်။
ထန်းတပင်မြို့နယ်အတွင်း လိုင်စင်မဲ့ ကားများအား သာမာန်ပြည်သူများအကြား အသုံးပြုနေမှုများရှိနေသော်လည်း ဥပဒေဘက်တော်သားများအနေဖြင့် လိုင်စင်မဲ့ကားများနှင့် ဥပဒေမဲ့လုပ်ရပ်များအား မပြုလုပ်သင့်ကြောင်း၊ မပြုလုပ်ရန် သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့သော်လည်း လိုက်နာခြင်း မရှိကြောင်း ထန်းတပင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။
“ကျနော်တို့တနိုင်ငံလုံးလို့ပဲပြောရမှာပဲ အများကြီးပဲရှိနေတာပဲ။ ကျနော်တို့မြို့နယ်တွေမှာလည်းရှိတာပဲ လိုင်စင်မဲ့ကားတွေ။ ကျနော်တို့က ကြုံရင်ပြောပြတယ် ခင်ဗျားတို့ ကိုယ်တိုင်က ဒီလိုတရားမဝင်တဲ့ လုပ်ငန်းတွေလုပ်နေရင် တခြားလူတွေကို ဖမ်းတဲ့အချိန် တာဝန်ယူရတဲ့အချိန်တွေမှာ အခက်အခဲတွေဖြစ်နိုင်တယ်ဆိုပြီး ဒါတွေကို မစီးသင့်ဘူးဆိုပြီး ကျနော် သတိပေးဘူးတာတွေရှိတယ်။” ဟု ထန်းတပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောသည်။
လိုင်စင်မဲ့ကားများအား လက်ဝယ်ဖမ်းဆီးရမိသည့် ထန်းတပင်မြို့နယ် ဇရပ်ကြီးနယ်မြေရဲစခန်းမှူး ရဲအုပ်နိုင်စိုးဦးနှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိုးမြင့်ဦးတို့အား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ အရ ဇရပ်ကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း တရားမဝင်လိုင်စင်မဲ့ကားများ အသုံးပြုနေမှုများပြားနေပြီး လိုင်စင်မဲ့ယာဉ်များအား ထိန်းချုပ်ရန် အစီအစဉ်ရှိ၊ မရှိကို သင်္ကြန်ပွဲတော် ပြီးစီးသည့်နောက် လွှတ်တော်ပြန်လည်စတင်ချိန်တွင် အဆိုတင်သွင်းသွားမည် ဖြစ်ကြောင်း ထန်းတပင်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးလွင်က ရှင်းပြသည်။