သတင်း

၆၆(ဃ) ပြင်ဆင်ရန် ဝန်ကြီးဌာနတွင်း ညှိနှိုင်းနေဟု ဆို

Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) ကို ပြင်ဆင်နိုင်ရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန အတွင်း ညှိနှိုင်းနေကြောင်း ဆက်သွယ်မှုရေးရာ ဦးစီးဌာနမှ သိရသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)သည် တရားစွဲခံရလျှင် အာမခံမရှိခြင်း၊ စွပ်စွဲခံရသူ၏ ပြန်လည် ဖြေရှင်းခွင့် မရှိခြင်း တို့ကြောင့် ပြင်ဆင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရာဇသတ်ကြီး ဥပဒေအဖြစ် ထည့်သွင်းသွားရန်လည်း စဉ်းစားထား ကြောင်း ဆက်သွယ်ရေး  ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ဧပြီ ၁၀ ရက်နေ့က ပြုလုပ်သည့် အစိုးရသစ် ၁ နှစ် ပြည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

ဦးစိုးသိန်းက “လုံးဝ ဖျောက်ဖျက်ပစ်လို့လည်း မဖြစ်ပါဘူး။ ရှိနေလို့ရှိရင်လည်း အခုဖြစ်နေတဲ့ အနေအထားမျိုး စွပ်စွဲခံရတဲ့ ပုဂ္ဂိုလ်က ချက်ချင်း အချုပ်ကျ ခံရတယ်ဆိုတော့ သူ့အတွက် ဖြေရှင်းဖို့ အခက်အခဲတွေ ရှိပါတယ်။ ဒါတွေကို ကျော်လွှား နိုင်အောင် ဘယ်လို ဆောင်ရွက်မလဲဆိုတာ ကျနော်တို့ ဝန်ကြီးဌာနတွင်း ဆွေးနွေးနေပါတယ်”ဟု ပြောသည်။

ဆက်သွယ်ရေး ဥပဒေကို ယခင် အစိုးရလက်ထက်က ဆက်သွယ်ရေးကဏ္ဍတွင် ပုဂ္ဂလိကများ ပါဝင် လုပ်ကိုင် လာသည့် အတွက် ၎င်းတို့အား ထိန်းသိမ်းနိုင်ရန် ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ကြောင်း၊ လက်ရှိတွင် နိုင်ငံရေးအရရော၊ ပုဂ္ဂိုလ်ရေးအရပါ ယင်း ဥပဒေ ပုဒ်မကို အသုံးချခြင်းများ ရှိနေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်ကလည်း ပြောဆိုသည်။

ဦးဝင်းခန့်က “အခု ဖြစ်နေတဲ့ ပြဿနာတွေက Hate speech ကြောင့် ဖြစ်ရတဲ့ ပြဿနာပါ။ ကျနော်တို့ ဒီဥပဒေက ဆက် သွယ်ရေး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ ဆက်သွယ်ရေးလုပ်တဲ့ သူတွေကို အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက် ခဲ့တဲ့ အထူးဥပဒေတရပ် ဖြစ်ပါတယ်”ဟု ပြောသည်။

ယခု အစိုးရ လက်ထက်တွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နှင့် တရားစွဲဆို ခံထားရမှု ၅၄ မှု ရှိကြောင်း သိရပြီး ယင်း ပုဒ်မကို ဖျက်သိမ်းပေးရန် တောင်းဆိုမှုများလည်း ရှိနေသည်။

ပုဒ်မ ၆၆ (ဃ)တွင် ဆက်သွယ်ရေးကွန်ရက် တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက် လှန့် တောင်းယူခြင်း၊ အနိုင်အထက် ပြုခြင်း၊ မတရား တားဆီး ကာကွယ်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာ သုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း လုပ်ရပ်များ မရှိစေရန် တားမြစ်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading