အမျိုးသမီးတဦး အက်ဆစ်နှင့် ပက်ခံခဲ့ရသည့် အမှုအား မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် တရားရုံးက ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် အမိန့်ကို တရားခံနှင့်တရားလို နှစ်ဦးစလုံးက မကျေနပ်သဖြင့် ခရိုင်ရုံးသို့ ဆက်လက် အယူခံတက်မည် ဖြစ်ကြောင်း သိရသည်။
အက်ဆစ်ဖြင့် အပက်ခံခဲ့ရသည့် တရားလို မလပြည့်ဝန်းက “အမိန့်ချလိုက်တဲ့ ၇ နှစ်ဆိုတာ ညီမခံရတာနဲ့စာရင် ဘာမှ မဆိုင် ဘူး၊ ထောင်ဒဏ် ၇ နှစ်က လျှော့ရက်တွေ ဘာတွေနဲ့ တွက်လိုက်ရင် ဘာမှမကျန်ဘူး၊ ဒါကြောင့်အမှုကို ဒီမှာနဲ့တော့ မပြီးနိုင်ဘူး၊ တကယ်လို့ ပြစ်ဒဏ်နှစ်ရပ်ပေါင်းကို သီးခြားစီကျခံစေ ဆိုရင်တော့ ကျေနပ်နိုင်တယ်”ဟု ဧရာဝတီကို ပြော သည်။
သံဖြူဇရပ်မြို့နယ် တရားရုံးက ယခုနှစ် မတ်လ ၃၁ ရက်က ထိုသို့အမိန့်ချမှတ် လိုက်သော်လည်း တရားရုံး၏ စီရင်ချက်ကို တရားခံနှင့်တရားလို နှစ်ဖက်စလုံးက ကျေနပ်မှုမရှိသဖြင့် ခရိုင်တရားရုံးသို့ ဆက်လက် အယူခံတက်ရန် စီစဉ်နေကြောင်း ပြောဆိုကြသည်။
တရားခံ မောင်မျိုးမင်းသူ၏ ဖခင်ဖြစ်သူ ဦးမြင့်ဆွေက ၎င်း၏သားကို လက်ရှိချမှတ်လိုက်သည့် ပြစ်ဒဏ်သည် တရားမျှတမှု မရှိကြောင်း သားဖြစ်သူသည် အက်ဆစ်ဖြင့်ပက်ခဲ့သည့် တရားခံ မဟုတ်သည်ကို အခိုင်အမာ ယုံကြည်ကြောင်း ဧရာဝတီ ကို ပြောသည်။
“ကျနော်တို့ မြို့နယ်ရုံးက အမှုလွှဲစာရရင် ခရိုင်ကို ဆက်တက်မယ်။ အမှုလွှဲစာက တနင်္လာနေ့ (ဧပြီလ ၁၀ ရက်) ရမယ်လို့ ပြောထားတယ်” ဟု ဦးမြင့်ဆွေက ပြောသည်။
အက်ဆစ်ဖြင့်ပက်ခဲ့သည် ဆိုသော တရားခံ မောင်မျိုးမင်းသူကို သံဖြူဇရပ် တရားရုံးက အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ၊ ပုဒ်မ ၃၄၂ သာမန် နာကျင်စေမှု ပုဒ်မ နှစ်ရပ်ပေါင်းပြစ်ဒဏ် တပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မေလ ၂၂ ရက်နေ့ ညနေပိုင်းက မလပြည့်ဝန်း နှင့် အဖေဖြစ်သူတို့ ဆိုင်ကယ်နှင့် အလုပ်မှ ပြန်လာစဉ် လမ်းတနေရာ၌ အက်ဆစ်ဖြင့် စောင့်ပက်ခြင်း ခံခဲ့ရပြီး မလပြည့်ဝန်း ၏ မျက်နှာ ဘယ်ဘက်တခြမ်း၊ ရင်ဘတ်၊ နားရွက်နှင့် ညာလက်တို့တွင် အက်ဆစ်လောင်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်။
ထို့အပြင် ရှေ့မှနေ၍ ဆိုင်ကယ်မောင်းနေသည့် မလပြည့်ဝန်း ၏ ဖခင်ဖြစ်သူ ကျောကုန်းတွင်လည်း အက်ဆစ်လောင် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း သိရသည်။
မလပြည့်ဝန်း ၏ မိခင်ဖြစ်သူ မိယဉ်ကြည်က “သူတို့သားမှာ အပြစ်မရှိဘူး။ ကျမတို့က သူတို့ကို မဟုတ်မမှန် စွပ်စွဲနေတယ် လို့ ဆိုနေတယ်။ ကျမသမီးလည်း မသေသေးဘူး။ သူ့အဖေလည်း ရှင်နေသေးတယ်။ စစဖြစ်ချင်း ဆေးရုံမှာ အော်ဟစ် နေတုန်းက မောင်မျိုးမင်းသူ နာမည်ကို အော်ဟစ်နေတာလေ။ သတိပြုမိတဲ့ လူတွေရှိရင် အတိုင်းသား သိပါတယ်။ ကျမတို့ သဘောက မဟုတ်တရမ်း လူတယောက်ကို လက်ညှိုးထိုးပြီး တရားခံပါလို့ ပစ်စလက်ခတ် ပြောလိုတဲ့ စိတ်မရှိဘူး” ဧရာဝတီ ကို ပြောသည်။
မောင်မျိုးမင်းသူ ၏ အစ်ကိုဖြစ်သူ ကိုအောင်ချမ်းမွန်က “ရဲတွေ လာဖမ်းတဲ့အချိန်မှာ ကျနော်တို့အကုန်လုံး ဒီမှာရှိနေတယ်။ ကျနော်တို့ စိတ်သောက ရောက်နေတဲ့အချိန် အဘွားဆုံးလို့ အလှူလုပ်နေတဲ့အချိန်၊ ကျနော့်ညီကလည်း မလုပ်ထားဘူး။ မနက်ကျမှ အစ်ကိုတို့ လူကြီးတွေ သွားပြီး ဖြေရှင်းပေးမယ်ဆိုပြီး ပြောတော့ နောက်နေ့ မေလ၂၃ ရက် နေ့လယ်လောက် ရဲစခန်းကို အစစ်ဆေးခံဖို့ သွားချိန်ကစပြီး အမှုကို ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်အထိ ပြန်မလွှတ်တော့ဘူး”ဟု ပြောဆိုသည်။
မောင်မျိုးမင်းသူကို ၂၀၁၆ ခုနှစ် မေလ၂၃ ရက်မှစ၍ သံဖြူဇရပ် မြို့နယ်ရဲစခန်း၌ ၁၀ လကြာ ဖမ်းဆီးချုပ်နှောင် စစ်ဆေး ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် အမှုကို အမိန့်ချမှတ်နိုင်ခဲ့ကာ မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဖခင်ဖြစ်သူ ဦးမြင့်ဆွေက ပြောသည်။
အမှုစစ်ဆေးနေစဉ်အတွင်း မြို့နယ်တရားသူကြီး အပြောင်းအရွှေ့ ဖြစ်ပေါ်ခဲ့ပြီး လက်ရှိ မြို့နယ် တရားသူကြီး ဒေါ်ပန်းစိန် လက်ထက်မှသာ အမှုကို အမိန့်ချမှတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။