“ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ မြို့တော် ပန်ဆန်း (ပန်ခမ်း) တွင် ပြုလုပ်မည့် စတုတ္ထ အကြိမ်မြောက် တိုင်းရင်းသား လက်နက်ကိုင်ထိပ်သီး အစည်းအဝေးသို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုသည်။
အဆိုပါ ထိပ်သီး အစည်းအဝေးကို ဧပြီလ ၁၃ ရက်နေ့တွင် စတင်ပြုလုပ်မည်ဖြစ်ပြီး အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ် မရေးထိုးရသေးသော လက်နက်ကိုင်အဖွဲ့အစည်းများအား ဖိတ်ကြားထားသော်လည်း UNFC အနေဖြင့် အချိန်မအားလပ်သဖြင့် တက်ရောက်နိုင်ခြင်း မရှိဟု ဆိုသည်။
UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ က “UNFC က မသွားဖြစ်ဘူး။ အစည်းအဝေးတွေ ရှိနေကြတယ်။ သင်္ကြန်ပြီးရင်လည်း ကရင်နီ (KNPP) ကရော၊ မွန် (NMSP) ကရော အစည်းအဝေးတွေ ရှိနေကြတယ်။
မအားသေးဘူး။ ရွေးထားတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ ကရင်နီကရော၊ မွန်ကရော ပါတယ်။ အစည်းအဝေးတွေ များနေသေးလို့ပါ” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရက ဖော်ဆောင်လျက်ရှိသော NCA လမ်းကြောင်း အတိုင်းမဟုတ်ဘဲ UWSA ၏ ငြိမ်းချမ်းရေး လမ်းစဉ်သစ် အတိုင်း လိုက်မည်ဟု သတင်းထွက်ပေါ်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ တက်မည်၊ မတက်မည်ကိုတော့ မသိရသေးပေ။
သို့သော်လည်း KIO နှင့် SSPP တို့အနေဖြင့် စစ်ရေး အရသာ UWSA နှင့် ပူးပေါင်းနေခြင်းဖြစ်ပြီး UNFC မှ ခွဲထွက်မည် မဟုတ်ဘဲ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆွေးနွေးမှုများ ရှိနေဦးမည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဧပြီလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိပြုလုပ်သော UNFC အရေးပေါ် အစည်းအဝေးတွင် ပြောဆိုထားသည်။
ဧရာဝတီက စုံစမ်းသိရှိထားချက်အရ စတုတ္ထအကြိမ်ကျင်းပမည့် ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် အိမ်ရှင်အဖြစ် ဦးဆောင် ပြုလုပ်မည့် UWSA အပါအဝင် အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ တက်ရောက်ရန် သေချာနေပြီဖြစ်ကြောင်း သိရသည်။
ထိပ်သီးဆွေးနွေးပွဲ တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့အစည်း တချို့အနေဖြင့် အစည်းအဝေး မတိုင်မီ တရုတ် အစိုးရ အာဏာပိုင်တချို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ရန်ရှိကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်း သတင်း ရင်းမြစ်များက ပြောသည်။
သို့သော်လည်း ထိုအကြောင်းအရာနှင့် ပတ်သက်၍ ဧရာဝတီ အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။
စတုတ္ထ အကြိမ်မြောက် ပြုလုပ်မည့် ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် တတိယအကြိမ်က ပြုလုပ်ခဲ့သော အစည်း အဝေး က ချမှတ်ခဲ့သည့် NCA လမ်းကြောင်းအတိုင်း မဟုတ်ဘဲ ငြိမ်းချမ်းရေး လမ်းစဉ်အသစ် လမ်းကြောင်းအရ ဆွေးနွေးရေး အဖွဲ့ဖြစ်သည့် “နိုင်ငံရေး ဆွေးနွေးမှု ကော်မတီ” ဖွဲ့ရန်အတွက် ဆုံးဖြတ်ကြမည်ဟု သိရသည်။
ညီလာခံ တက်ရန် ဆုံးဖြတ်ထားသည့် NDAA အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးကြည်မြင့်က “နိုင်ငံရေးဆွေးနွေး အဖွဲ့ ကော်မတီ လုပ်ချင်တယ်တဲ့။ အရင်တခေါက်က ဖွဲ့ဖို့ အကြံပြုထားတယ်။ အခုလောလောဆယ် ကြားရသလောက်တော့ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့နဲ့ မိုင်းလားနဲ့ ဝ နဲ့တော့ ထည့်ထားတယ်။ ကျန်တဲ့ အဖွဲ့တွေကတော့ မထည့်သေးဘူးလို့ အဲဒီလို ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
UWSA ဗဟိုဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ပါဝင်သော ထိပ်သီး အစည်း အဝေး တရပ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့ပြီး ထိုအစည်းအဝေး အပြီးတွင် အစိုးရက ဆောင်ရွက် နေသော NCA အတိုင်း မသွားဘဲ ငြိမ်းချမ်းရေး စာချုပ်သစ်တရပ် ဖော်ဆောင်မည်ဟု UWSA က ထုတ်ပြန်ခဲ့ သည်။
တတိယ အကြိမ် ထိပ်သီးအစည်းအဝေးတွင် UWSA အပါအဝင် NDAA၊ TNLA၊ MNDAA၊ AA တို့အပြင် UNFC အဖွဲ့ဝင်များ ဖြစ်ကြသော KIO နှင့် SSPP တို့လည်း တက်ရောက်ခဲ့ကြသည်။