သတင်း

ဘားအံဒေသသို့ သင်္ကြန်ကာလ သွားရောက် လည်ပတ်မည့်သူ များပြား

Want create site? Find Free WordPress Themes and plugins.

ပြည်တွင်းခရီးသွား လုပ်ငန်းများ တိုးတက် ကောင်းမွန်လာသည့် အလျောက် သင်္ကြန်ကာလ အတွင်း သွားလာ လည်ပတ် မည့်သူ များပြားလာပြီး ယင်းအနက် ဘားအံဒေသသို့ သွားရောက် လည်ပတ်မည့်သူ များပြားကြောင်း သိရသည်။

သင်္ကြန်ရက်ရှည် ရုံးပိတ်ရက်အတွင်း အပန်းဖြေခရီးထွက်ရန် ပြည်တွင်းရှိ အထင်ကရ ခရီးသွား နေရာများတွင် ဘားအံ ဒေသသို့ သွားရောက်ရန် ဟိုတယ်တွင် တည်းခိုနေထိုင်နိုင်ရေးအတွက် အွန်လိုင်းမှ တဆင့် ဟိုတယ် ဘွတ်ကင် (ကြိုတင်စာရင်းပေးသူ) အများဆုံး ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် အွန်လိုင်း ဟိုတယ် ဘွတ်ကင် ဝန်ဆောင်မှု ဝက်ဘ်ဆိုက် Jovago.com.mm က ဖော်ပြသည်။

“ခရီးသွားတွေက သင်္ကြန်တွင်းမှာ ဈေးလည်း မတက်ဘူး။ ပရိုမိုးရှင်းတွေလည်း ရှိတဲ့ ဘားအံ၊ ပုဂံနဲ့ ကလောလို နေရာ တွေဘက်ကို ဘွတ်ကင်တင်တာ များလာတယ်။ အားလုံးထဲမှာ ဘားအံကတော့ လူစိတ်အဝင်စားဆုံးနဲ့ အမေးအများဆုံးပါ ’’ဟု Jovago.com.mm ဝက်ဘ်ဆိုက်မှ Public Relations Manager မနန်းစုနှင်းထွေးက ဆိုသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးသက်လွင်တိုးကလည်း “ဘားအံက အခုနောက်ပိုင်း တော်တော် သွားလာတယ်။ ဒေသ လုံခြုံမှုရှိရင် သွားလာကြမှာပဲ။ နိုင်ငံခြားသားတွေလည်း သွားချင်ကြတယ်။ ဒေသလုံခြုံရေး အာမခံ ချက်ကြောင့်ပါ။ နောက်ပိုင်း ထိုင်းဘက်ပါ ပွင့်သွားရင် ပိုပြီးတော့ ကောင်းလာမယ်” ဟု ပြောသည်။

ဘားအံဒေသသို့ ခရီးသွားများ သွားရောက် လည်ပတ်မှုမှာ တနှစ်ထက် တနှစ် များပြားလာပြီး ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ် နုှိုင်းယှဉ်ချက်အရ ၆၀ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်တွင်း/ပြည်ပ ဆက်ဆံရေးနှင့် သတင်း ပြန်ကြားရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ပြောပြသည်။

ဦးမြင့်ထွေးက “ဘားအံမှာဆိုရင် ၂၀၁၅ ခုနှစ်မှာဆိုရင် ပြည်ပဧည့်သည်က တသောင်းခွဲ နီးပါးလောက်တော့ ဝင်တာပေါ့။ ၂၀၁၆ မှာဆိုရင် ၂သောင်းနဲ့ ၆ထောင်ကျော်လောက် ဝင်လာတယ်။ ၂၀၁၅ နဲ့ ၂၀၁၆ နှိုင်းယှဉ် လို့ရှိရင် ၆၀ ရာခိုင်နှုန်း ဝန်းကျင်လောက် တိုးလာတာပေါ့” ဟု ဆိုသည်။

ဘားအံသို့ သွားသည့် ကားလက်မှတ်ခမှာ လက်မှတ်တစောင်လျှင် ကျပ် ၈ ထောင် ကျသင့်ပြီး ဘားအံရှိ ဟိုတယ် များတွင် တည်းခိုနေထိုင် စရိတ်မှာလည်း နှစ်ယောက်ခန်း တခန်းကို တရက်လျှင် ကျပ် ၃သောင်းကျော်မှ ကျပ် ၁ သိန်းကျော်အထိ ကျသင့်ကြောင်း သိရသည်။

Jovago.com.mm ၏ (တစ်ပတ်အတွင်း) ကောက်ယူရရှိသော အချက်အလက်များတွင် တောင်ဝိုင်းတောင်၊ ဆန္ဒန်ဂူ၊ ဘုရင့်ညီဂူ၊ ကျောက်ကလပ် စသည့် သာယာသည့် ခရီးသွားနေရာ အများအပြားရှိသည့် ဘားအံသည် အွန်လိုင်း ဟိုတယ် ဘွတ်ကင် ပြုလုပ်သူ ၃၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်သည်ဟု ဆိုထားသည်။

ပုဂံဒေသမှာ ၁၅ ရာခိုင်နှုန်း၊ ချောင်းသာ၊ ငွေဆောင်နှင့် ငပလီကမ်းခြေများမှာ ၁၅ ရာခိုင်နှုန်း၊ ကလောမှာ ၂၀ ရာခိုင်နှုန်း၊ မန္တလေးမှာ ၁၀ ရာခိုင်နှုန်းနှင့် မောင်းမကန်၊ ရေပူစမ်း အစရှိသည့် ထားဝယ်ဒေသသို့ သွားရောက်သူ ၁၀ ရာခိုင်နှုန်းဖြင့် ဟိုတယ်ဘွတ်ကင် ပြုလုပ်သူ များပြားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading