ညီညွှတ်သော ပြည်ထောင်စု နိုင်ငံတခု ဖြစ်လာရန် တိုင်းရင်းသား အားလုံးက ငြိမ်းချမ်းရေး စားပွဲဝိုင်းဆီသို့ ဝင်ရောက် ဆွေးနွေး၍ အဖြေ ရှာကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ယမန်နေ့က နေပြည်တော်ရှိ MICC – 2 တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက် ဒေသနေ လူငယ်များ၏ ငြိမ်းချမ်းရေး စကားဝိုင်းတခု ပြုလုပ်စဉ်အတွင်း လူငယ်များနှင့် ဆွေးနွေးမှုအပြီး အွန်လိုင်းမေးခွန်းတခုကို ပြန်လည် ဖြေကြားစဉ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“အများနဲ့ ညီညီညွှတ်ညွှတ် တည်ထောင်ထားတဲ့ ပြည်ထောင်စု ဖြစ်ဖို့ဆိုရင် အများက တာဝန်ယူဖို့ လိုတယ်။ အများ တာဝန်ယူမှုအရ ထူထောင်တဲ့ ပြည်ထောင်စု ဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝိုင်းပြီးတော့ ဆွေးနွေးပြီးတော့ အဖြေရှာပါ လို့လည်း တိုက်တွန်း ချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်းမှ မေးမြန်းခဲ့သည့် မေးခွန်းမှာ “ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတွေ ဘာဖြစ်လို့ သီးခြားနိုင်ငံအဖြစ် မနေသင့်လဲ ဆိုတာကို ရှင်းပြပေးစေလိုပါတယ်၊ နိုင်ငံတော် တည်ထောင်ခြင်းဖြစ်စဉ်မှာ တစု၊ တဖွဲ့ရဲ့ အာဏာရှင် ဆန်ဆန် ဓားမိုးထားတဲ့ ပြည်ထောင်စုနဲ့ တစိတ်တဝမ်း ညီတူမျှတူ အခွင့်အရေးရကြတဲ့ ပြည်ထောင်စု ကွာခြားပုံကိုလည်း ပြောပြပေးစေလိုကြောင်း” ဟူသည့် မေးခွန်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က ယင်းမေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ပင်လုံစိတ်ဓာတ်ကို ပြန်ကြည့်ရန် လိုကြောင်း၊ ပင်လုံ စာချုပ်ကို ပြည်သူများ ဖတ်စေလိုကြောင်း၊ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားများသည် အလုပ်များကို စုပေါင်း လုပ်ခြင်းအားဖြင့် လွတ်လပ်ရေးကို ပို၍ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ရနိုင်သည် ဆိုသည့် ယုံကြည်ချက် အပေါ် အခြေခံ၍ စာချုပ်ကို လက်မှတ်ထိုးခြင်းဟု ရေးသားထားကြောင်း ပြောဆိုသည်။
“ဘာဖြစ်လို့ သီးခြားနိုင်ငံအဖြစ် နေသင့်သလဲ၊ မနေသင့်သလဲ ဆိုတာ ပိုပြီးတော့ စုပေါင်းပြီးတော့ လုပ်လို့ရှိရင် ပိုပြီးတော့ ချမ်းသာနိုင်မယ်။ ကြွယ်ဝနိုင်မယ်။ ပိုတိုးတက်နိုင်မယ်။ ပိုပြီးတော့ ကိုယ်လိုချင်တဲ့ လမ်းကို အေးအေးဆေးဆေး မြန်မြန် ဆန်ဆန် လျှောက်နိုင်မယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့အပြင် နိုင်ငံတဝန်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ စာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် အဖွဲ့များကို လည်း မည်သည့်အချိန်မဆို လက်မှတ်ရေးထိုးနိုင်ရေး တံခါးဖွင့်ထားကြောင်း၊ ယခု အချိန်လက်မှတ် မထိုးရင်လျှင် တခါး ပိတ်ပြီဆိုသည့် အလုပ်မျိုးကို ဘယ်တော့မှ လုပ်မည် မဟုတ်သော်လည်း ဒုတိယ ပင်လုံ အစည်းအဝေးကိုမူ ဆက်လုပ် ရမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
“ဒုတိယ ပင်လုံအတွက်ကို အားလုံး လက်မှတ်ထိုးဖို့အတွက် စောင့်နေလို့ မဖြစ်ဘူး။ အဲဒီမှာ လက်မှတ်ထိုးထားတဲ့ အဖွဲ့ တွေက အပြည့်အဝ ပါဝင်လို့ ရတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေက အတိုင်းအတာ တခုအထိတော့ ပါဝင်ပိုင်ခွင့် ပေးမယ်”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောသည်။
ငြိမ်းချမ်းရေး လူငယ်စကားဝိုင်းတွင် ပါဝင်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာမှ ကိုထွေးပို ကလည်း မြန်မာ နိုင်ငံရှိ တိုင်းရင်းသား အားလုံး ငြိမ်းချမ်းရေး ရရှိရေး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောချင်ကြောင်း၊ တိုင်းရင်းသား အားလုံး စုစုစည်းစည်းနှင့် အနာဂတ်အတွက် စိတ်ဓာတ် ကောင်းကောင်း၊ ရည်ရွယ်ချက် ကောင်းကောင်း၊ အမျှော်အမြင် ရှိရှိနှင့် ငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ ရရှိရန် ကြိုးစားစေချင်ကြောင်း ပြောဆိုသည်။
“ကျနော်တို့ မြို့နယ်က ငြိမ်းချမ်းတော့ ကျန်တဲ့မြို့နယ်တွေကိုလည်း ငြိမ်းချမ်းစေချင်ပါတယ်”ဟု ကိုထွေးပိုက ဆိုသည်။
ကချင် ပြည်နယ် မြစ်ကြီးနားမြို့နယ် နောင်နန်းကျေးရွာမှ မလုအိန်ကလည်း “ကျမတို့ ဒေသမှာ စစ်ပွဲတွေ အများဆုံး ဖြစ် တယ်။ ဖြစ်တဲ့အခါကျတော့ ထိခိုက်နစ်နာမှု အပိုင်းတွေ အများကြီးရှိတယ်။ ဆိုတော့ ကျမ အမြန်ဆုံးတော့ ငြိမ်းချမ်းချင် တယ်”ဟု စကားဝိုင်းအတွင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး မရှိသည့် နိုင်ငံသည် ဂုဏ်သိက္ခာကျဆင်း၍ ကိုယ့်အချင်းချင်း ငြိမ်းချမ်းအောင် ဘာကြောင့် မနေနိုင်ရမလဲဆိုသည့် အဖြေကို ရှာရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်သည် သွားပါများပါက ခရီးရောက်လိ့မ်မည်ဟု ယုံကြည်ထားကြောင်း၊ ကျေးလက်တောရွာရှိ ပြည်သူများက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လိုအပ် နေသည်ကို အများသိအောင် လုပ်ပေးရန်လိုကြောင်း ပြောဆိုသည်။
“ပြောရမယ်ဆိုရင် သာမန် ကျေးလက်တောရွာမှာနေတဲ့ ပြည်သူတွေရဲ့ အသံက မထွက်ဘူး။ လက်နက်ကိုင် တပ်တွေရဲ့ အသံက ပိုထွက်တယ်။ အသံတွေဆိုတာ သေနတ်သံတွေကလည်း ထွက်တယ်။ လူသံတွေကလည်း ထွက်တယ်။ ဒီလို ဆွေးနွေးတယ်ဆိုတာ ကျေးလက်တောရွာမှာနေတဲ့ ပြည်သူတွေဟာ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုတာ သေချာအောင်လို့”ဟု နိုင်ငံတော်၏ အတိုင်ပင်ခံက ပြောဆိုသွားသည်။