ဘင်္ဂလားပင်လယ်အော်တွင် သင်္ကြန်ကာလ ဧပြီ ၁၂ ရက်မှ ၁၉ ရက်အတွင်း ဖြစ်ပေါ်လာနိုင်သည့် မုုန်တိုင်းငယ် မှာ ရခိုင်ပြည်နယ် မြောက်ပိုုင်းကို ဦးတည်မည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင် ကပြောသည်။
ဦးထွန်းလွင်က “သင်္ကြန်ကာလ အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းတစ်လုံး ဖြစ်လာနိုင်ပါတယ်၊ ဒီနေ့ မနက် ခန့်မှန်းတာလည်း ရခိုင်မြောက်ပိုင်းကိုပဲ ဦးတည်နေပါတယ်”ဟု ပြောသည်။
မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ယနေ့ နေ့လည် ၁ နာရီတိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော် တောင်ပိုင်းတွင် နောက် ၇၂ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကြောင်း ထုတ်ပြန်ထားသည်။
ဌာန၏ တိုင်းထွာမှုများအရ ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီ ၁၄ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ပြီး ဧပြီ ၁၆ ရက်နေ့တွင် မုန်းတိုင်းငယ်အဆင့်သို့ရောက်ရှိနိုင်ကြောင်း ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
ဦးကျော်မိုးဦးက “သိပ်အားမကောင်းပေမယ့် ပင်လယ်ထဲမှာဖြစ်တဲ့အတွက် စောင့်ကြည့်ရမယ့် အနေအထား ရှိတယ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းကို လောလောဆည် ဦးတည်နေတယ်”ဟု ပြောသည်။
လက်တလောတွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ချေမှာ ပင်လယ်ထဲတွင်ပင်ရှိသည့် အနေအထားဖြစ်သဖြင့် မုန်တိုင်းဖြစ်နိုင်ချေကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။
လေဖိအားနည်းရပ်ဝန်းမှာ တစ်နာရီမိုင် ၂၅၊ ၃၀ သာတိုက်လေ့ရှိပြီး ထိုမှတဆင့် မုန်တိုင်းငယ်၊ အပူပိုင်းမုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်း၊ ဆိုင်ကလုန်းမုန်တိုင်းကြီးနှင့် နောက်ဆုံးအဆင့်မှသာ ဆူပါဆိုင်ကလုန်းဟု ခေါ်ဆိုကြောင်း ဒေါက်တာထွန်းလွင်က ရှင်းပြသည်။
မုန်တိုင်းငယ်မှ ဆိုင်ကလုံးမုန်တိုင်း အဆင့်အထိ လေတိုက်နှုန်း တစ်နာရီ ၇၅ မိုင် မကျော်သည့်အတွက် မုန်တိုင်း ဒီရေကို စိုးရိမ်ရန် မလိုအပ်သေးကြောင်းလည်း ဒေါက်တာထွန်းလွင်းက အသိပေးပြောကြားထားသည်။