တပ်မတော်အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ပါက ကူညီဆောင်ရွက် ပေးရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက ယနေ့နေ့လည်ပိုင်းက နေပြည်တော်၌ ပြုလုပ်သည့် သဘာဝဘေး စီမံခန့်ခွဲမှု ဗဟိုကော်မတီ၏ အစည်းအဝေးတွင် ပြောဆိုလိုက် သည်။
ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းက “တပ်မတော်အနေနဲ့ကတော့ သက်ဆိုင်ရာ ဒေသတွေမှာ ရှိတဲ့ တပ်နယ်တွေကိုလည်း သတိပေးချက်တွေ လုပ်ထားပါတယ်။ နောက်တခါ ရခိုင်မှာရှိတဲ့ စစ်ဆင်ရေး ကွပ် ကဲမှု ဌာနချုပ်တခုကိုလည်း အသင့်ပြင် ထားပါတယ်။ လေယာဉ်များကိုလည်း အသင့်ပြင်ထားပါတယ်။ ဆေးအဖွဲ့တွေကိုလည်း ရန်ကုန်နဲ့ နေပြည်တော်မှာ အသင့်ပြင်ထားပါတယ်”ဆိုသည်။
ဆိုင်ကလုန်းမုန်တိုင်း မာရသာ ဝင်ရောက်လာမည်ကို ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ၊ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ် ရေးရာ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဌာနနှင့် ပြန်ကြားရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ နိုင်ငံတော် အတိုင်ပင်ခံရုံး ဒုဝန်ကြီးနှင့် ရဲချုပ်တို့လည်း တက်ရောက် ဆွေးနွေးခဲ့ကြသည့် သဘာဝဘေး စီမံခန့် ခွဲမှု ဗဟိုကော်မတီ အစည်းအဝေးတွင် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည်။
၎င်းကဆက်၍ “မုန်တိုင်းက အခုအချိန်မှာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါသေးတယ်။ သို့သော်လည်းပဲ ပြောင်းလဲတတ်တဲ့ သဘောရှိတဲ့အခါကျတော့ အချိန်နှင့် တပြေးညီ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့အတိုင်း ကျနော်တို့ ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။ သတိရှိရှိနဲ့ ဆောင်ရွက် သွားရမှာပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
ဆိုင်ကလုန်း မုန်တိုင်း “မာရသာ”သည် ယနေ့ည ၁၂ နာရီခန့် ညသန်းခေါင် အချိန်တွင် ရခိုင်ကမ်းရိုးတန်း ဒေသ ရှိ စစ်တွေနှင့် သံတွဲမြို့ ကြားသို့ တနာရီလျှင် မိုင် ၅၀ ခန့်ဖြင့် ဝင်ရောက်တိုက်ခတ်လိမ့်မည် ဖြစ်ကြောင်း မိုးလေ ဝသနှင့် ဇလဗေဒ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုက်တီးယမ်းကလည်း ခန့်မှန်းသည်။
“နောက်ဆုံးခန့်မှန်းချက်ကတော့ ညသန်းခေါင်လောက်မှာ ရခိုင်ကမ်းရိုးတန်းကို သံတွဲမြို့နားကနေ ဖြတ်ကျော်သွားမယ်လို့ ခန့်မှန်း ထား တယ်။ ဆိုင်ကလုန်း မုန်တိုင်း မာရသာဟာ ရခိုင်ကမ်းရိုးတန်းကို ဝင်သွားတဲ့အခါမှာ အားပျော့သွားမယ်။ ပထမက လေတိုက်နှုန်းကို တနာရီ မိုင် ၅၀ ကနေ ၆၀ အထိ တိုက်မယ်လို့ မှန်းတယ်။ အခု ၄၀၊ ၄၅ မိုင်လောက်ပဲ တိုက်တော့မယ်လို့ မှန်းပါတယ်”ဟု ၎င်းက ပြောသည်။
မုန်တိုင်း၏ တည်နေရာသည် စစ်တွေမြို့၏ အနောက်တောင်ဘက် ၂၂၅ မိုင်၊ သံတွဲမြို့၏ အနောက်တောင်ဘက် ၁၇၀ မိုင် ဖြစ်၍ သံတွဲမြို့နှင့် ပိုနီးကြောင်း၊ ရခိုင်ကမ်းရိုးတန်းကို ဖြတ်သွားပြီးနောက် ကုန်တွင်းပိုင်းတွင် အားပျော့သွားမည် ဖြစ်ကြောင်း၊ မုန်တိုင်း အရှိန်ကြောင့် ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် လေပြင်းများ တိုင်ခတ်နိုင်ပြီး မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ပြောသည်။
“မုန်တိုင်းသက်ရောက်မယ့်ဒေသတွေမှာ အတတ်နိုင်ဆုံး ကျနော်တို့ ရွေ့မယ်။ အချိန်ကိုက်ရွေ့မယ်။ ဒီညနေ ၆ နာရီမှာ ရွေ့မယ်။ ည ၁၂ နာရီမှာ ဝင်မယ်လို့ မှန်းထားတဲ့အတွက်။ ဖြစ်နိုင်တဲ့ဒေသက လူတွေကတော့ ရွေ့လိုက်တာ အကောင်းဆုံးပဲ။ ကမ်းခြေဒေသတွေမှာ လည်း နေ့လည် ၁၂ နာရီကစပြီး အပြင် လုံးဝ မထွက်ကြဖို့ နှိုးဆော်ထားတယ်”ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ် ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။
မုန်တိုင်း သက်ရောက်မည့် ဒေသများသို့လည်း ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိနေပြီ ဖြစ်ပြီး တနိုင်ငံလုံးရှိ ကယ်ဆယ်ရေး ပစ္စည်း ဂိုဒေါင်များတွင် ပစ္စည်းအလုံအလောက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင်မှုပိုင်းကို သေချာအောင် စီမံထားကြောင်းလည်း ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။