မောင်တောမြို့နယ်၊ တပ်ဦးချောင်းကျေးရွာအုပ်စု တာဝန်ခံ အာမီအာလီအား ဖွေယာကျေးရွာရှိ နေအိမ်ပေါ်တွင် အနက်ရောင် မျက်နှာဖုံးစွပ်ထားသူ အမျိုးသား ၁၀ ဦးခန့်မှ ဓားဖြင့်ခုတ်သတ်မှု ဧပြီ ၁၇ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
မျက်နှာဖုံးစွပ်ထားသူများထဲမှ ၂ ဦးမှ အိမ်ပေါ်သို့တက်ပြီး အာမီအာလီအား ဓားဖြင့်ခုတ်ကာ အိမ်ရှေ့သို့ ဆွဲချလာပြီးနောက် ထိုးခုတ်မှုများ ထပ်မံပြုလုပ်နေစဉ် ပတ်ဝန်းကျင်မှ လူများထွက်လာသဖြင့် မျက်နှာဖုံးစွပ်ထားသည့်အဖွဲ့မှ သေနတ် ၅ ချက် ဖောက်ကာ ရွာ၏ အနောက်မြောက်ဘက်သို့ ထွက်ပြေးသွားကြောင်း ထုတ်ပြန်ထာသည်။
ဓားခုတ်ခံရမှုကြောင့် အာမီအာလီမှာ သေဆုံးခဲ့ပြီး မောင်တောပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဓားဖြင့်ခုတ်သွားသည့်အဖွဲ့အား လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း ရဲဌာနချုပ်စခန်းအချို့အား အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ မှ၂၀၁၇ ခုနှစ် ဧပြီလ ၃ ရက် အထိ အပြစ်မဲ့အရပ်သား ၂၃ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ပျောက်ဆုံးလျက်ရှိကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။
ယင်းသို့အရပ်သားများ သေဆုံး၊ ပျောက်ဆုံးမှုအချို့နှင့်ပတ်သက်ပြီး မာမတ်ဖော်ရီ အပါအဝင် ၈ ဦးကို ဖမ်းဆီးကာ တရားစွဲဆိုနိုင်ရေးဆောင်ရွက်လျက်ရှိပြီး မောင်ကြီးတောင်ကျေးရွာမှ ဇာမာဟူစိန် အသတ်ခံရမှုနှင့်ပတ်သက်၍လည်း ဘောဒီယာ ဆိုသူကို ဖမ်းဆီးထားကြောင်း သိရသည်။
မောင်တောဒေသ အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်ပွားပြီးနောက် ဒေသတွင်းအခြေအနေများအား ပြည်တွင်းသတင်းမီဒီယာများသို့ အင်တာဗျူးဖြေကြားသူအချို့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် အချို့တို့ ပျောက်ဆုံးမှုနှင့် အသတ်ခံရမှုများ ဖြစ်ပွားလျက် ရှိနေသည်။