သံမဏိနှင်းဆီဂျာနယ် ထုတ်ဝေသူ ကိုဝေယံဟိန်း အသတ်ခံရမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲသာ ဖြစ်ပြီး ဖမ်းဆီးထားသူ မရှိသေးကြောင်း ပုဇွန်တောင်မြို့မရဲစခန်းက ပြောသည်။
ကိုဝေယံဟိန်းသည် ပုဇွန်တောင် ၂ ရပ်ကွက်အတွင်းရှိ သံမဏိနှင်းဆီရုံးတိုက်ခန်းတွင် ရင်ဘက်ထိုးသွင်း ဒဏ်ရာ ၁၅ ချက်ဖြင့် သေဆုံးနေသည်ကို ဧပြီ ၁၆ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ပုဇွန်တောင်ရဲစခန်း တာဝန်ကျရဲဝန်ထမ်းက “အမှုကို စခန်းမှူးကိုယ်တိုင် စစ်ဆေးနေပါတယ်၊ မှုခင်းဆရာဝန် ရဲ့ အဖြေလဲ မရသေးပါဘူး၊ လက်ရှိစစ်ဆေးဆဲဖြစ်လို့ အသေးစိတ် မပြောနိုင်သေးပါဘူး”ဟု ပြောသည်။
ကိုဝေယံဟိန်းသည် သံမဏိနှင်းဆီဂျာနယ် အယ်ဒီတာ တာဝန်ယူထားသူလည်းဖြစ်ပြီး ၎င်းသေဆုံးမှုကို အိမ်နီးချင်းဘေးအခန်းက အနံ့ရ၍ အကြောင်းကြားမှသာ သိရှိခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ သတင်းမီဒီယာအဖွဲ့အစည်းများကလည်း စောင့်ကြည့်လျက်ရှိပြီး ရဲတပ်ဖွဲ့မှ ထုတ်ပြန်မှုများ မရှိသေးသည့်အတွက် သဘောထား မှတ်ချက်ပေးခြင်း မရှိသေးပေ။
မြန်မာဂျာနယ်လစ်ကွန်ယက်မှ ဦးဇေယျာလှိုင်က “ကျနော်တို့ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးထုတ်ပြန်တာ မျိုးတော့ မရှိသေးဘူး၊ ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း မသိရသေးပါဘူး”ဟုပြောသည်။
လတ်တလောတွင် အမှုနှင့်ပတ်သက်ပြီး ပုဇွန်တောင်မြို့မရဲစခန်းက (ပ) ၈၅/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း Eleven သတင်းဌာန၏ မုံရွာမြို့အခြေစိုက်သတင်း ထောက် ကိုစိုးမိုးထွန်းသည် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး ရဲက ယခုထိ လက်သည် မဖော်နိုင်သေးပေ။
ယင်းအမှုမှာ လေးလခန့်ကြာနေပြီဖြစ်သည်။ ရဲတပ်ဖွဲ့က လူအချို့ကို ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။