မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင်ထုတ်ပြန်ချက်အရ နိုင်ငံအဝန်း ပြည်နယ်နှင့် တိုင်းအသီးသီးတွင် ၂၀၁၇ ခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန် ကျင်းပရက် ၄ ရက်အတွင်း သင်္ကြန်နှင့် ပတ်သက်၍ သေဆုံးသူ စုစုပေါင်း ၁၆ ဦးရှိပြီး အမှုပေါင်း ၂၀၈ မှု၊ ဒဏ်ရာ ရရှိသူ ၁၉၄ ဦးရှိကြောင်း သိရသည်။
ထိုအရေအတွက်သည် ယခင်နှစ် သင်္ကြန်ကာလတွင် သေဆုံးခဲ့သည့် အရေအတွက်နှင့် နှိုင်းယှဉ်လျင် သိသိသာသာ လျော့ကျ သွားသည်ကို တွေ့ရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်သင်္ကြန်ကာလ ၄ ရက်အတွင်း နိုင်ငံအဝန်း သေဆုံးသူ ၃၅ ဦးရှိခဲ့ပြီး အမှုပေါင်း ၂၄၁ မှုနှင့် ဒဏ်ရာရရှိသူ ၃၁၆ ရှိခဲ့သည်။
ရဲမှတ်တမ်းများအရ နိုင်ငံအဝန်း သင်္ကြန်ကာလ ၄ ရက်အတွင်း သင်္ကြန်နှင့်မဆိုင်သော ပြစ်မှုပေါင်း ၉၉၂ ဖြစ်ပွားခဲ့ရာ သေဆုံးသူ ၂၆၉ ဦးနှင့် ဒဏ်ရာရရှိသူ ၈၇၉ ဦးရှိကြောင်းလည်း သိရသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက သင်္ကြန်ကာလ ၄ ရက်အတွင်း နိုင်ငံအဝန်း သေဆုံးသူ ၂၈၅ ဦးရှိကြောင်း သတင်းထုတ်ပြန်ခဲ့မှုသည် သင်္ကြန်နှင့်မဆိုင်ပဲ သေဆုံးသူ ၂၆၉ ဦးကို သင်္ကြန်ကြောင့် သေဆုံးခဲ့သူ ၁၆ ဦးနှင့် ပေါင်းလိုက်ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ စာရင်းကို သင်္ကြန်ကြောင့် သေဆုံးခဲ့သူများဟု ထင်မှတ် လွဲမှားသွားခြင်းဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း မြန်မာ့သတင်းစဉ် အယ်ဒီတာ ဦးသန်းဦးက ဧရာဝတီသို့ ပြောသည်။
ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ သင်္ကြန်နှင့်ပတ်သက်၍ သေဆုံးသူ ၁၆ ဦးတွင် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ၇ ဦး၊ သေမှုသေခင်းဖြင့် ၈ ဦးနှင့် လူသတ်မှုကြောင့် သေဆုံးသူ ၁ ဦး ဖြစ်ကြောင်း တွေ့ရှိရသည်။
အမှုပေါင်း ၂၀၈ မှုထဲတွင် ခိုးမှု/ခါးပိုက်နှိုက်မသင်္ကာမှု အများဆုံးဖြစ်ခဲ့ပြီး ဒုတိယနေရာတွင် နာကျင်စေမှုနှင့် တတိယ အများဆုံး ကတော့ ယာဉ်တိုက်မှုဖြစ်သည်။ ဒဏ်ရာရမှု ၁၉၄ မှုထဲတွင် ယာဉ်တိုက်မှုက အများဆုံးဖြစ်ပြီး နာကျင်စေမှုက ဒုတိယ အများဆုံး ဖြစ်သည်ကို တွေ့ရှိရသည်။
မှတ်တမ်းများအရ လူသေဆုံးမှု၊ အမှုအခင်းဖြစ်ပွားမှုနှင့် ဒဏ်ရာရရှိမှုမှာ ယခင်နှစ်ကထက် သိသိသာသာ လျော့ကျသွားသည်ကို တွေ့မြင်ရသော်လည်း ခါးပိုက်နှိုက်မှု၊ လက်နက်မှု၊ နာကျင်စေမှု၊ လက်နက်ကိုင်ဆောင်မှုများတွင် မြင့်တက်လာတာကို တွေ့မြင် ရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း ၎င်းတို့ ဒေသအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တွင်း မဟာသင်္ကြန်ကာလ ဖြစ်သည့် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ မှုခင်းဖြစ်ပွားမှုနှင့် လူသေဆုံးမှုများ ယမန်နှစ်ကထက် လျော့နည်းကျဆင်းခဲ့ကြောင်း ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် သင်္ကြန်ကာလအတွင်း အမှုပေါင်း ၁၉ မှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေဆုံးကာ လူ ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သော်လည်း ယခုနှစ်သင်္ကြန်တွင် အမှု ၁၁ မှုသာ ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး၍ လူ ၁၃ ဦး ဒဏ်ရာရရှိခဲ့ သည်ဟု ဆိုသည်။
ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က “အမှု ၁၁ မှု ဖြစ်ပွားခဲ့ရာမှာ သေဆုံးသူ ၁ ဦးပဲ ရှိပါတယ်။ အဲဒါကလည်း ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် မဟုတ်ဘဲ သင်္ကြန်အကြတ်နေ့က ကညင်ဆည်မှာ ရေဆင်းချိုးရင်း ရေနစ်သေဆုံးခဲ့တာ ဖြစ်ပါတယ်။ ခိုက်ရန် ဖြစ်တာတို့ ယာဉ်တိုက်မှုတို့ကြောင့် သေဆုံးသူတဦးမှ မရှိပါဘူး”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ၂၆ မြို့နယ်၌ မဟာသင်္ကြန်ကာလအတွင်း တိုင်းရဲတပ်ဖွဲ့မှ အရာရှိ ၃၄၆ ဦးနှင့် အခြားအဆင့် ၁၈၇၃ ဦး စုစုပေါင်း ၂၂၇၉ ဦး အသုံးပြု၍ သင်္ကြန်ပွဲတော် ဘေးကင်းလုံခြုံရေးတာဝန်ယူ ဆောင်ရွက်ခဲ့ပြီး သင်္ကြန်ကာလအတွင်း လည်ပတ်သူများသည့် ငွေဆောင်နှင့် ချောင်းသာကမ်းခြေများတွင်လည်း ရဲလုံခြုံရေးများ ထားရှိဆောင်ရွက်ခဲ့ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောသည်။
(ဆလိုင်းသန့်စင် ပူးပေါင်းရေးသားသည်။)