အမေရိကန် လေယာဉ်တင်သင်္ဘော Carl Vinson သည် အမေရိကန် စစ်ဘက်နှင့် အစိုးရက ပြောသလို ကိုးရီးယားကျွန်းဆွယ်သို့ ဦးတည်မနေဘဲ အမှန်တကယ်မှာ ဆန့်ကျင်ဘက်သို့သာ သွားခဲ့ကြောင်း အမေရိကန်မှ လာသော သတင်းများက ဆိုသည်။
ဝါရှင်တန်ပို့စ်သတင်းစာက အမေရိကန် ရေတပ်၏ ထုတ်ပြန်ချက်များကို ကိုးကား၍ ကိုးရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်းရန် အမိန့်ပေးခံထားရသည်ဆိုသော လေယာဉ်တင်သင်္ဘောသည် စင်ကာပူမှ ထွက်ခွာလာအပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြာနှင့် ဂျာဗားကျွန်းကြား ဆန်ဒါရေလက်ကြားမှ ဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာသို့သာ သွားခဲ့ကြောင်း ရေးသည်။
မြောက်ကိုရီးယားနှင့် တင်းမာမှုများ မြင့်တက်လာချိန် ဧပြီလ ၈ ရက်နေ့တွင် အမေရိကန် ရေတပ်ဦးစီးချုပ် ဟာရီဟဲရစ်က Carl Vinson ကို စင်ကာပူမှ ကိုးရီးယားကျွန်းဆွယ်သို့ ဦးတည်ခုတ်မောင်းခိုင်းကြောင်း ရေတပ်ပြောရေးဆိုခွင့်ရှိသူက ဆိုခဲ့သည်။
ဧပြီလ ၁၁ ရက်တွင်လည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မ်မတ်တစ်စ်က “သူ့လမ်းကြောင်းအတိုင်း ခုတ်မောင်းနေ”ကြောင်း ဆိုခဲ့ပြီး ဧပြီလ ၁၂ ရက် Fox Business Network တီဗီသတင်းဌာနနှင့် အင်တာဗျူးတွင် သမ္မတ ဒေါ်နယ်ထရမ့်က “သင်္ဘောအုပ်ကို ကိုယ်တို့ ပို့လိုက်ပြီ။ အားအရမ်းကြီးတယ်”ဟုလည်း ဆိုသည်။
ထိုမှတဆင့် ဒေသတွင်းနှင့် ကမ္ဘာ့မီဒီယာများတွင် ယင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် တာဝေးပစ်ဒုံးများ တင်ဆောင်ထားသော ဖျက်သင်္ဘောအုပ်စု၏ သတင်းကို အသားပေးဖော်ပြခဲ့ကြပြီး စစ်ဖြစ်တော့မည့် အနေအထားဟုပင် အများက မှတ်ထင်သွားကြသည်။
ဂျပန်သတင်းစာ ယူမီယူရီရှင်ဘွန်း Yomiuri Shimbun အဆို တရုတ်နှင့် ရုရှတို့သည်ပင် ၎င်းတို့၏ရေတပ်များအတွက် ထောက်လှမ်းရေးသတင်း စုဆောင်းရေးသင်္ဘောများကို ကိုရီးယား ကျွန်းဆွယ်သို့ ဦးတည်နေသော ညူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS Carl Vinson နောက်သို့ လိုက်ရန် စေလွှတ်ခဲ့ကြသေးသည်။
ယခုမူ အမေရိကန် စစ်တပ် ပစိဖိတ်ဒေသ၏ ပြောဆိုချက်အရ အဆိုပါ အမေရိကန် စစ်သင်္ဘောအုပ်စုမှာ အိန္ဒိယ သမုဒ္ဒရာအတွင်း ဩစတြေးလျတပ်ဖွဲ့နှင့် စစ်ရေးလေ့ကျင့်ရန် အရင်လုပ်မည်ဖြစ်ကြောင်း သိရသည်။
ရှန်ဟိုင်းရှိ Fudan တက္ကသိုလ် ကိုရီးယားလေ့လာရေးဌာနမှ ကိုင်ဂျင်းက အဆိုပါ ဇာတ်လမ်းသည် အမေရိကန်၏ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်ပြီး မြောက်ကိုရီးယားကို ယခုအချိန်တွင် တိုက်ခိုက်ရန် ရည်ရွယ်မထားဟု ဆိုသည်။
“ရှေ့မတိုး နောက်မဆုတ်ဖြစ်နေချိန်မှာ စိတ်ဓာတ်စစ်ဆင်ရေးက အရမ်းအရေးပါပါတယ်” ဟု ကိုင်ဂျင်းက ဝါရှင်တန်ပို့စ်သတင်းစာသို့ ပြောသည်။