မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) အား ဆက်သွယ်ထားသည့် သံလွင်မြစ်ကူး တံတားအား လာမည့် ဧပြီလ နောက်ဆုံးအပတ်တွင် တံတားခံနိုင်ဝန်အား (Loading Test) စမ်းသပ်မှု ပြုလုပ်မည် ဖြစ်ကာ မေလ ပထမ အပတ်ခန့်တွင် အများပြည်သူ အသုံးပြုနိုင်စေရန် ဖွင့်လှစ် ပေးသွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ပြောသည်။
“တန်ချိန် ဘယ်လောက် ရှိတဲ့ ယဉ်ဘယ်နှစ်စီး ဖြတ်သွားပြီးတဲ့ အချိန်မှာ မျှော်မှန်း ထားတဲ့ အချိန်ကာလ အတွင်း တံတားဟာ နဂို မူလ နေရာကို ပြန်ရောက် မရောက် ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဖြတ်သွားပြီးဟေ့ ဆိုလို့ ရှိရင် ဝန်ဒဏ် ခံရမယ်၊ ခံသွားပြီးတော့ တံတားဟာ နဂိုနေရာ ပြန်ရောက်ဖို့ လိုတယ်၊ အဲဒီ Loading Test ပြီးရင် အများပြည်သူ အသုံးပြုနိုင်အောင် ဖွင့်လှစ် သွားပါမယ်” ဒေါက်တာ အေးဇံက ဆိုပါသည်။
တံတား ခံနိုင်ဝန်အား စမ်းသပ်သည့် Loading Test ကို ဧပြီလ ၂၅ ၊ ၂၆ ၊ ၂၇ ရက်နေ့များတွင် ပြုလုပ် သွားမည် ဖြစ်ပြီး မေလဆန်း၌ အများပြည်သူများ အသုံးပြုနိုင်ရန် ဖွင့်လှစ် သွားနိုင်ဖွယ် ရှိကြောင်း ၎င်းက ဆက်ပြောသည်။
အရှည် ၁ . ၅ ကီလိုမီတာ ရှည်သည့် ထိုမြစ်ကူး တံတားအား ဗိုလ်ချုပ် အောင်ဆန်း တံတား အဖြစ် အမည် ပေးရန် မတ်လ ၁၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ပြီးနောက် မွန်ပြည်သူများမှ အင်အား ၂၀၀၀၀ ကျော်ဖြင့် ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး နဂို ဆောက်လုပ်စဉ်က နာမည် သံလွင်တံတား (ချောင်းဆုံ) သို့မဟုတ် ရာမည တံတား အဖြစ် သတ်မှတ် ပေးရေး လူထု လှုပ်ရှားမှုဆိုင်ရာ ကော်မီတီ တရပ်ကိုလည်း ဖွဲ့စည်း ခဲ့ကြသည်။
ထို့ပြင် နဂိုမူလ နာမည် သံလွင် တံတား (ချောင်းဆုံ) အဖြစ် သတ်မှတ် နိုင်ရေး အတွက် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဌာနသို့ ပေးပို့မည့် လူထု သဘောထား စစ်တမ်း တရပ်ကို ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ ကတည်းက သံလွင်တံတား (ချောင်းဆုံ) လူထု လှုပ်ရှားမှုဆိုင်ရာ ကော်မီတီက ဆက်လက် လှုပ်ရှား နေပြီး မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း ၊ ရန်ကုန်တိုင်း များမှ ယခုလ ၂၅ ရက်နေ့ အထိ ကောက်ခံသွားမည် ဖြစ်ကြောင်း ကော်မီတီဝင် မင်းအောင်မွန်က ပြောသည်။
ရာနှုန်းပြည့်နီးပါး ဆောက်လုပ် ပြီးစီး နေသည့် အဆိုပါ တံတားအား မည်သည့် နာမည် အသုံးပြု၍ ဖွင့်လှစ် သွားမည် ဆိုသည့် ကိစ္စနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ၌ “စကားလုံးများနှင့် အငြင်းမပွား လိုကြောင်း” မွန်ပြည်နယ် ဝန်ကြီးချုပ်က ရယ်မောလျက် ပြန်လည် ဖြေကြား ခဲ့သည်။