မကွေးတိုင်းဒေသကြီးအတွင်း ကာရာအိုကေ (KTV) များ ယာယီပိတ်သိမ်းထားပြီး ပြန်လည်စိစစ်မှုများပြု လုပ်ကာ စားသုံးသူအား အကာအကွယ်ပေးနိုင်ရေး သတ်မှတ်စည်းမျဉ်းများနှင့်မညီသည့် ဆိုင်များကို အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောသည်။
လတ်တလောတွင် ဧပြီ ၂ ရက်နေ့ညက ဖြစ်ပွားခဲ့သော လူ ၁၆ ဦးသေဆုံးခဲ့သည့် ရွှေမင်းသမီး KTV မီး လောင်မှုနောက်ဆက်တွဲအနေဖြင့် မကွေးတိုင်းအတွင်းရှိ စာရင်းရှိသော KTV ဆိုင် ၅၆ ဆိုင်လုံးကို ဧပြီ ၁၁ ရက်နေ့ကစတင်ကာ နောက်ထပ်ညွန်ကြားချက် မရှိခင်အချိန်ထိ ယာယီပိတ်သိမ်းထားရန် ညွန်ကြားထားသည်။
မကွေးတိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေမျိုးကျော်က “ဆိုင်တွေကို ယာယီပိတ်ထားပြီး အကုန်ပြန် စစ်ဆေးမယ်၊ စားသုံးသူအခွင့်အရေးကို လေစားပြီး စည်းကမ်းချက်တွေကို အပြည့်အဝလုပ်ဆောင်ဖို့ ကတိကဝတ်ပြုတဲ့သူကိုပဲ ပြန်ဖွင့်ခွင့်ပေးမယ်”ဟု ပြောသည်။
ရွှေမင်းသမီး KTV ဆိုင်မီးလောင်မှုတွင် သေဆုံးခဲ့ရသူ ၁၆ ဦး၏ မိသားစုများထံသို့ မကွေး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တဦးလျှင် ကျပ်သုံးသိန်းစီ ထောက်ပံ့ထားပြီး ဆိုင် အတွက် မီးအာမခံမှ ရရှိမည့် ကျပ် သိန်း ၁၀၀၀ မှလည်း ဥပဒေနှင့် ထပ်မံထောက်ပံ့နိုင်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
KTV မီးလောင်မှုနောက်ဆက်တွဲအနေဖြင့် မကွေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင် ချိုလတ်က တိုင်းလွှတ်တော်အစည်းအဝေးတွင် အရေးကြီး အဆိုတင်ခဲ့ပြီး ယခုဖြစ်စဉ်ကဲ့သို့ ထပ်မံမဖြစ်စေ ရန်၊ အမှုအား စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုရှိရန်နှင့် သေဆုံးခဲ့သူများ၏ မိသားစုများအား ထောက်ပံ့ပေးရန် ဆွေးနွေးခဲ့သည်။
လက်ရှိတွင် မီးလောင်မှုနှင့်ပတ်သက်၍ မကွေးမြို့မရဲစခန်းက ဆိုင်ပိုင်ရှင်ဖြစ်သူ ဦးရဲညွန့်အား အမှုဖွင့်ထား ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဦးရဲညွန့်အား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိသည်။
KTV လုပ်ငန်းလိုင်စင်များနှင့်ပတ်သက်၍ ပြဌာန်ထားသည့်စည်းကမ်း ၁၇ ချက်တွင် စားသုံးသူကာကွယ်ရေး အတွက် စည်းကမ်းချက်များကို ပြင်ဆင်ရေးဆွဲမှုများ ပြုလုပ်သွားရန်နှင့် လိုင်စင်ထုတ်ပေမည့် စိစစ်ရေး ကော်မတီကိုလည်း ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။