“ဝ” ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် (UWSA) ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ယခုလ ၁၅ ရက်နေ့ကစပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အစည်းအဝေး တရပ်ပြုလုပ်နေသည်။
ပန်ဆန်း ထိပ်သီးအစည်းအဝေးတွင် အိမ်ရှင် UWSA အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် – မိုင်းလားတပ်ဖွဲ့ (NDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ တက်ရောက် ဆွေးနွေးနေသည်။
အဆိုပါ ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အစိုးရက လက်ရှိဖော်ဆောင်နေသော ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်း ပြင်ပမှ သီးခြားဆွေးနွေးရန် ပြင်ဆင်ထားသည့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးရေး ကော်မတီ တရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာ သုတေသီတဦး ဖြစ်သော ဦးမောင်မောင်စိုး က “အစိုးရ NCA လမ်းကြောင်းနဲ့ တော့မတူဘူး။ သူတို့ချလိုက်တာကတော့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးမယ်။ နောက်ပြည်ထောင်စု အဆင့် ထိုးမယ်၊ ပြီးရင် လွှတ်တော်အဆင့်ပေါ့။ အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ သွားမယ် ဆိုတဲ့ လမ်းကြောင်း ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးဆိုသည်မှာ NCA မဟုတ်ဘဲ အခြားစာချုပ်သစ်ကို ချုပ်ဆိုချင်သောကြောင့် “အစိုးရရဲ့ NCA လမ်းကြောင်းနဲ့တော့ ဖြောင့်ဖြောင့် တန်းတန်း ဆန့်ကျင်နေတယ်”ဟုလည်း ဆိုသည်။
ပန်ဆန်း အစည်းအဝေး ကို တက်ရောက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့သည် ယခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက် နေ့က စပြီး ၃ ရက်ကြာ ကျင်းပခဲ့သည့် ပန်ဆန်းထိပ်သီး အစည်းအဝေးကို တက်ရောက်ခဲ့သည့် အဖွဲ့များပင်ဖြစ်ပြီး မူလက ၎င်းတို့သဘောတူထားသော နိုင်ငံရေးဆွေးနွေးမှု ကော်မတီကို အတည်ပြုပြီး အစိုးရနှင့် တွေ့ဆုံညှိနှိုင်းရမည့် အခြေအနေများနှင့် ဆက်လက်လုပ်ဆောင်ရမည့် ရှေ့လုပ်ငန်းစဉ်များကို အသေးစိတ် ဆွေးနွေးနေကြသည်ဟုဆိုသည်။
အစည်းအဝေး တက်ရောက်နေသည့် ၇ ဖွဲ့တွင် UWSA နှင့် မိုင်းလား အဖွဲ့ NDAA တို့ နှစ်ဖွဲ့မှလွဲ၍ ကျန် အဖွဲ့ ၅ ဖွဲ့မှာ လက်ရှိ အစိုးရဖော်ဆောင်နေသော NCA စာချုပ်ဖြစ်မြောက်ရေးအတွက် စတင် ဖော်ဆောင်ခဲ့သည့် အထဲတွင် ပါဝင်ခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်သည်။
သို့သော်လည်း အဆိုပါ NCA စာချုပ်ကို တပ်မတော်က စိတ်ကြိုက် ပြင်ဆင်ခဲ့ပြီး တိုက်ပွဲများကိုလည်း ရပ်တန့်နိုင်သည့် အခြေ အနေမျိုး မရှိသဖြင့် NCA လမ်းကြောင်း အပြင်မှတဆင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပုံစံသစ်ကို ဖော်ဆောင်ရခြင်း ဖြစ်သည်ဟု TNLA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး တာဘုန်းကျော် က ဆိုသည်။
ဗိုလ်မှူးကြီး တာဘုန်းကျော် က “ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာရော လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရ လက်ထက်ရော NCA ကိုင်ဆွဲပြီး လုပ်နေတာက လက်တွေ့အလုပ်မဖြစ်ဘူး။ တိုက်ပွဲတွေလည်း ဆက်နေတယ်။ ဒါကြောင့်မို့ ကျနော်တို့က နည်းလမ်းအသစ်ကို ဖန်တီးတာပါ။ အဲဒါကိုတော့ လက်ရှိအစိုးရက လက်ခံနိုင်၊ လက်မခံနိုင်တာတော့ စောင့်ကြည့်ဖို့ လိုမယ်။ ကျနော်တို့ ရပ်တည်ချက်ကတော့ NCA အပေါ်မှာ မဟုတ်တော့ဘဲနဲ့ နည်းလမ်းအသစ်ပေါ်မှာ ဆွေးနွေး နေကြတယ်။ ပြီးတော့ ဘယ်လိုချည်းကပ်မလဲ ဆွေးနွေးနေကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
ပန်ဆန်း အစည်းအဝေးကို တက်ရောက်နေသော KIO နှင့် SSPP တို့သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု၏ အဖွဲ့ဝင်များဖြစ်သည်။
UNFC က NCA လမ်းကြောင်း အတိုင်းသွားမည်ဟု ထုတ်ဖော်ပြောဆိုထားသော်လည်း အဖွဲ့ဝင် နှစ်ဖွဲ့ဖြစ်သည့် KIO နှင့် SSPP တို့အနေဖြင့် ပထဝီမြေပြင် အနေအထားအရ ထိန်းချုပ်နယ်မြေချင်း ကပ်နေသော UWSA ၏ နိုင်ငံရေးလမ်းကြောင်းသစ်ကိုလည်း မပစ်ပယ်ကြပေ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အသီးသီး အနေဖြင့် ရပ်တည်ချက်ချင်း တူသော်လည်း ပထဝီ အနေအထားအရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လုပ်ဆောင်ရာတွင် မတူကွဲပြားမှုများ ဖြစ်နေခြင်းဖြစ်ကြောင်း NCA မရေးထိုးရသေးသော တိုင်းရင်းသား လက်ကိုင် အဖွဲ့အစည်း အချို့က ဆိုသည်။
UNFC ထဲမှ ထိုင်းနယ်စပ် အခြေစိုက် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) စသည့် ငါးဖွဲ့သည် NCA လမ်းကြောင်း ပေါ်တွင် ရပ်တည်ပြီး အစိုးရထံ ၎င်းတို့ တင်ပြထားသော အချက် ၉ ချက် နှစ်ဘက် ညှိနှိုင်းမှု ပြေလည်ပါက မေလဆန်းတွင် ပြုလုပ်ရန် ရည်ရွယ်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမတိုင်မီ NCA လက်မှတ် ရေးထိုးသွား ဖွယ်ရှိသည်။
အစိုးရအနေဖြင့် UNFC နှင့် NCA လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက် ဆွေးနွေး ညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် ရှိသကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ အစည်းအဝေးလုပ်နေသော ပန်ဆန်း ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက် အချို့ကိုလည်း စောင့်ကြည့်နေလျှက်ရှိကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) အဖွဲ့ အကြံပေး ခေါင်းဆောင် ဦးအောင်ကြည်က ပြောသည်။
ပန်ဆန်း ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး ဦးအောင်ကြည် က “ကျနော်တို့ ဒီ (ပန်ဆန်း) ကိစ္စကို အလေးအနက်ထားပြီး ဆွေးနွေးနေကြပါတယ်။ လောလောဆယ် အနေအထားကတော့ ပြောဖို့ စောပါသေးတယ်။ လောလောဆယ် ဆွေးနွေးနေတဲ့ ကိစ္စဖြစ်လို့ ပြောလို့ မဖြစ်ပါဘူး။ ကျနော့်သဘောထား လွှမ်းမိုးမှု မဖြစ်စေချင်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
UNFC နှင့် ငြိမ်းချမ်းရေး ကော်မရှင်အကြား ဆွေးနွေးထားမှုနှင့် ပတ်သက်၍ “ဆွေးနွေးမှုကတော့ တိုးတက်မှု ရှိတယ်။ မျှော်လင့်နိုင်တဲ့ အနေအထားတွေရှိပါတယ်။ (လက်မှတ်ထိုးရန်) အချိန်ကာလတော့ မပြောနိုင်ဘူး။ ဖြစ်နိုင်ခြေ အလား အလာတော့ ကောင်းပါတယ်” ဟု ဦးအောင်ကြည်က ပြောသည်။
အစိုးရအနေဖြင့် ပန်ဆန်း ထိပ်သီးအစည်း အဝေးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ထွက်လာမည့် ဆုံးဖြတ်ချက်ကို စောင့်ကြည့်ပြီး စဉ်းစားဆွေးနွေးနေသည့် အဆင့်တွင်တော့ ရောက်ရှိနေပြီ ဖြစ်သော်လည်း တပ်မတော်အနေဖြင့် ထို ၇ ဖွဲ့ထဲမှ UWSA၊ KIO၊ NDAA နှင့် SSPP တို့ကိုတော့ မူလကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးရန် သဘောထားရှိထားပြီးဖြစ်သည်။ သို့ရာတွင် စားပွဲဝိုင်းဆွေးနွေးမှု ငြင်းဆန်ထားသည့် TNLA၊ MNDAA နှင့် AA တို့ သုံးဖွဲ့ ပါဝင်ရေးကို UWSA က အခိုင်အမာ ကျားကန်ပေးနေရာ တပ်မတော်၏ သဘောထား မည်သို့ ဖြစ်လာမည်ကို စောင့်ကြည့်နေကြသည်။
“ငြိမ်းချမ်းရေးအတွက် အားလုံး စားပွဲဝိုင်းပေါ် ရောက်ဖို့ ဆိုရင်တော့ ဆွေးကို ဆွေးနွေးရမှာပဲ။ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ ကိုလည်း ကျနော်အမြင်ကတော့ ဆွေးနွေးသင့်တာပဲ။ ဝ ဘက်က ၇ ဖွဲ့က တင်မယ့် လမ်းကြောင်းနဲ့ NCA နဲ့ကိုလည်း အတိုး အလျှော့လုပ်ရမှာပဲ။ ဒါမှ ညှိလို့ရမှာလေ။ အဲဒါကလည်း စားပွဲဝိုင်းပေါ် ရောက်မှ ညှိလို့ရမယ်။ ဒါမှမဟုတ်ရင် ဒီဘက်ကလည်း NCA မူအတိုင်းပဲ ထားတယ်ဆိုရင်တော့ ဆွေးနွေးပွဲက ဖြစ်မှာ မဟုတ်တော့ဘူး” ဟု ဦးမောင်မောင်စိုး က ဆိုသည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က NCA တွင် လက်မှတ်မထိုးသူများကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တံခါး ဆက်လက်ဖွင့်ပေးထားမည်ဟု ပြောဆိုထားသည်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူး သံတမန် မစ္စတာ ဆွန်ကော့ရှန် (Sun Guoxiang) ၏ စီစဉ်ပေးမှုဖြင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့နှင့် အစိုးရဘက်မှ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အဖွဲ့တို့ သင်္ကြန်မတိုင်မီက တရုတ်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း အချိန်ညှိနှိုင်းမှု အဆင်မပြေ၍ မတွေ့ဖြစ်ခဲ့ကြပေ။