ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် အိမ်ခြေ ၁၇၀ ကျော်နှင့် စာသင်ကျောင်း တကျောင်းအား ဖျက်၍ နေရာသစ်ကို ရွှေ့ပြောင်းနေရကြောင်း သတင်းရရှိသည်။
ကမ်းပါးပြိုမှုကြောင့် ရွှေ့ပြောင်းရသည့်အထဲတွင် ဂုံညှင်းတန်းကျေးရွာမှ အိမ်ခြေ ၁၂၆ လုံးနှင့် အထက်တန်းကျောင်း တကျောင်း၊ အထွဋ်ကျေးရွာမှ အိမ်ခြေ ၄၃ လုံး တို့ဖြစ်ကြောင်း ဇလွန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်း က ပြောသည်။
ဦးကျော်နိုင်ထွန်း က “မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုတဲ့တာက ပြီးခဲ့တဲ့ မိုးတွင်းကတည်းက အခုချိန်ထိ ဖြည်းဖြည်းခြင်း ပြိုနေတာ။ ဂုံညှင်းတန်း အထက်တန်းကျောင်း ကလည်း ကမ်းပြိုတဲ့အထဲ ပါဖို့ဖြစ်နေတော့ ကျောင်းမြေ နေရာသစ် သတ်မှတ် ပေးထားတဲ့ နေရာကို ပြောင်းရွှေ့နေကြတယ်”ဟု ဧရာဝတီသို့ ပြောသည်။
နေအိမ်ဖျက်သိမ်း ပြောင်းရွှေ့ရသူ မိသားစု ၁၇၀ ကျော်မှာ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များ၊ စပါးစိုက်ပျိုးခြင်းမရှိသည့် လယ်ကွင်းများထဲတွင် ယာယီတဲများထိုး၍ နေထိုင်ကြပြီးလူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စားသောက်ဖွယ်ရာနှင့် ငွေကြေးအချို့ ကူညီထောက်ပံ့ထားကြောင်း သိရသည်။
ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုကြောင့် မြစ်ရေစီးကြောင်း တိုက်စားပြီးကမ်းပြိုမှုများမှာ ဇလွန်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ဂုံညှင်းတန်းနှင့် အထွဋ်ကျေးရွာတို့အပြင် အနီးနားကျေးရွာများ ဖြစ်သည့် ဗျည်းစဉ်ကုန်း၊ ဉာဏ်ဘော့အိုင် မအူချောင်း၊ သာဓုချောင်း၊ အုန်းနှဲချောင်း၊ မင်းဇံနှင့် ရုံးတောကျေးရွာများတွင်ပါ ဖြစ်ပွားမှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။
သာဓုချောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်အေး က “ကမ်းပြိုတာက အရင်ရက်တွေက နည်းနည်းစီပြိုပေမယ့် ဒီတပတ်ထဲ မှာတင် နေ့ရောညရော ပြိုတာ ပေ ၇၀၀ လောက် ပြိုသွားတယ်။ အဲတော့ ဂုံညှင်းတန်းရွာရဲ့ အိမ်ခြေ တဝက်လောက် က ကမ်းပြိုတဲ့အထဲပါသွားပြီ။ ရွာလယ်လမ်းမတောင် မရှိတော့ဘူး။ ကမ်းပြိုတာမြန်တော့ အိမ်တွေကို အမြန်ဖျက် အမြန်ရွှေ့ လုပ်နေရတယ်။ အိမ်တွေဖျက်ရတော့ တချို့က အမျိုးအိမ်တွေ တက်နေ တချို့ကျတော့လည်း နေစရာမရှိတော့ သူများ လယ်ထဲမှာ တဲလေးတွေထိုးပြီး နေနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကမ်းပြို၍ ပြောင်းရွှေ့နေရသူ အိမ်ထောင်စု ၁၇၀ ကျော်အား နေရာချထားပေးရန် အတွက် ဒေသအုပ်ချုပ်ရေး အဖွဲ့များအား သင့်တော်သော မြေနေရာ ရှာဖွေတင်ပြရန် ညွှန်ကြားထားပြီး မြေနေရာနှင့် ဈေးနှုန်း အတည်ဖြစ်ပါက တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြတောင်းခံ ပေးသွားမည်ဖြစ်ကြောင်း ဇလွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထွန်းက ပြောသည်။
“ဒေသက ရပ်မိရပ်ဖတွေကို မြေနေရာရှာဖို့ ပြောထားတယ်။ မြေနေရာ အတိအကျနဲ့ ဈေးနှုန်းအတိအကျ ရပြီဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ တင်ပြပေးမှာပါ။ တိုင်းဒေသကြီးအစိုးရက သဘာဝဘေး ရံပုံငွေထဲကနေ ခွင့်ပြုငွေ ပြန်ချပေးပြီ ဆိုတာနဲ့ ပေ ၄၀ ပေ ၆၀ အိမ်ရာကွက်တွေရိုက်ပြီး ဒေသခံတွေကို နေရာချပေးသွားမှာပါ” ဟု ဦးကျော်နိုင်ထွန်းက ပြောသည်။
ဒေသတွင်း ကမ်းပါးပြိုမှုများကြောင့် အနီးစပ်ဆုံး နေရာများရှိ လယ်မြေများမှာလည်း တစ်ဧက တန်ဘိုး ကျပ်သိန်း ၄၀ အထိ ဈေးမြင့်တက် နေသည့်အတွက် ကိုယ်ပိုင် အိမ်မြေနေရာ ဝယ်ယူရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုနေကြသည်။
ဧရာဝတီတိုင်း ဒေသကြီး မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေအရင်းအမြစ် ဦးစီးဌာန ညွန်ကြားရေးမှုး ဦးလှမိုး က “ကမ်းပါး ပြိုကျမှုတွေ အတွက် ဆည်မြောင်းဦးစီး ဌာနက တာပန်း (မြေသားတမံ တည်ဆောက်) နေပါတယ်၊ ကျတော်တို့ဌာန အနေနဲ့ ကတော့ ကမ်းပြိုမှုတွေကို ကာကွယ်ဖို့အတွက် ဒီနှစ်ဘတ်ဂျတ်နဲ့ နောင်နှစ် ဘတ်ဂျတ်တွေမှာ တင်ပြတောင်းခံပြီး လုပ်ဆောင်မယ့် အစီအစဉ်တွေကို တိုင်းအစိုးရအဖွဲ့ကို တင်ပြထား ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကမ်းပြိုမှုပြသနာကို ဖြေရှင်းရာတွင် မြေသားတမံများ တည်ဆောက်ပေးခြင်း၊ ဘေးလွတ်ရာသို့ ကျေးရွာများ ပြောင်းရွှေ့ပေးခြင်း တို့ဖြင့် မလုံလောက်ကြောင်း ဧရာဝတီမြစ်ကြောင်း ပြောင်းလဲ၍ ကျေးရွာများ ရှိရာဘက်သို့ ရေဦးထိုး နေသည်ကို ပြောင်းလွှဲနိုင်မှသာ ကမ်းပြိုမှုများကို ရပ်တန့်နိုင်မည်ထင်ကြောင်း ဒေသခံတို့က ဆိုသည်။