ဆော်ဒီအာရေးဗီးယားသည် ရခိုင်ပြည်နယ်တွင် စွမ်းအင်ရေနံဆိုင်ရာ ရင်းနှီးမြှုပ်နံှမှုများ အများအပြားရှိနေသည့်အပြင် တချိန်တည်းတွင် ရိုဟင်ဂျာဟု ခေါ်ဆိုနေကြသော မွတ်စလင်များအရေးကိုလည်း ကူညီအားပေးနေသောကြောင့် အကျိုးစီးပွားချင်း ပွတ်တိုက်မှု ရှိလာနိုင်ကြောင်း သတင်းတရပ်က ဆိုသည်။
www.fairobserver.com တွင် Risk Cooperative မှ Risk Solutions စီမံခန့်ခွဲမှု ဒါရိုက်တာ Daniel Wagner က “အခြားနိုင်ငံများကို လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး ဆရာလုပ်နိုင်သော စွမ်းရည်သည် ဆော်ဒီအာရေးဗီးယား၏ ရည်မှန်းချက် ဖြစ်လာခြင်းမှာ ရိုဟင်ဂျာ ပြဿနာတွင် ပါဝင်ပတ်သက်ပြီးနောက်မှသာ ဖြစ်နိုင်သည်။ တချိန်တည်းတွင် ဆော်ဒီအာရေးဗီးယားသည် မြန်မာ၊ တရုတ် အစိုးရများနှင့် ရခိုင်ပြည်နယ်အတွင်း သယံဇာတ ထုတ်လုပ် ဖြန့်ချိမှု ခေတ်မီရေးကို လုပ်ဆောင်နေသည်” ဟု သူ၏ Saudi Arabia’s Colliding Interests in Myanmar ဆောင်းပါးတွင် ရေးသည်။
ဆော်ဒီအာရေးဗီးယားသည် အခြေအနေများ စတင် ယိုယွင်းလာသည့် ၂၀၁၂ ခုနှစ် ကပင် စတင်ပြီး ရိုဟင်ဂျာများကို ဘဏ္ဍာရေး အကူအညီများ ပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်က လုံခြုံရေး တပ်ဖွဲ့များအား တိုက်ခိုက်မှု အပါအဝင် မြန်မာ အစိုးရကို ရိုဟင်ဂျာ လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်မှုသည် ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗီးယားတို့က ငွေကြေးထောက်ပံ့ခဲ့ကြောင်း၊ သို့ရာတွင် ထိုဒေသတွင်လည်း စစ်တပ်များ ပိုမိုတပ်စွဲ လာရပြီး လူ့အခွင့်အရေး အကြီးအကျယ် ချိုးဖောက်ကြောင်း စွပ်စွဲမှုများကြောင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စုံစမ်းစစ်ဆေးမှုများ လုပ်ရန် မြန်မာအစိုးရကို ဖိအားပေးလာခဲ့ကြောင်း ဆောင်းပါးတွင် ရေးသည်။
ရခိုင်ပြည်နယ်မှ မွတ်စလင်များကို ပစ်မှတ်ထားသော ကျယ်ပြန့်ပြီး စနစ်ကျသည့် လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့က ယခုနှစ် အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ထို အစီရင်ခံစာကို အစိုးရက ငြင်းဆိုသည်။ အစီရင်ခံစာ၏ တွေ့ရှိချက်များကို ဒေါ်အောင်ဆန်းစုကြည် က သဘောမတူဘဲ အစိုးရသည် လူမျိုးတုံး သတ်ဖြတ်မှု ဆိုသည်ကို ငြင်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် သည် သူ့ကိုယ်သူ အန္တရာယ်များသော အနေအထားတွင် ရောက်နေကြောင်း သိမြင်ပြီး အကြမ်းမဖက်နိုင်ငံရေး ပြောင်းလဲမှုကို ထပ်မံ အသားပေးကာ လုပ်ဆောင်နေသလို တချိန်တည်းတွင် ရိုဟင်ဂျာတို့၏ ဥပဒေမလိုက်နာမှုနှင့် ရခိုင်ပြည်နယ်တွင် စစ်တပ်များ အကြီးအကျယ်ချထားရခြင်း တို့ကို ထောက်ပြလာသည်။
ဆော်ဒီအာရေးဗီးယား၏ မူဝါဒ ပြောင်းပြန် ပြောင်းလဲခြင်းကြောင့် အခြေအနေ ပိုမို ရှုပ်ထွေးလာကြောင်း ဆောင်းပါးရှင်က ရေးသည်။ လာမည့် ၄ နှစ်တာ ကာလအတွင်း ရိုဟင်ဂျာ ဒုက္ခသည် ၁၉၀၀၀၀ ကို အကန့်အသတ်ဖြင့် ငွေကြေးထောက်ပံ့ပြီး ပြည်ဝင်ခွင့် လက်ခံမည်ဟု ဆော်ဒီ အရာရှိများက ယခုနှစ်အတွင်း ကြေညာသည်။
၂၀၁၃ ခုနှစ်တွင် ဆော်ဒီအစိုးရက မြန်မာအစိုးရ၏ ရိုဟင်ဂျာတို့ အပေါ် ဆက်ဆံပုံကို ကုလသမဂ္ဂ အစည်းအဝေးတခုတွင် လူသိရှင်ကြား ရှုတ်ချသည်။
၂၀၀၉ ခုနှစ် မတိုင်မီက ကွယ်လွန်သူ ဆော်ဒီအာရေးဗီးယား ဘုရင် အဗ္ဗဒူလာ သည် ရိုဟင်ဂျာတို့၏ ဆိုးရွားသော ကံကြမ္မာကို သိရှိပြီး မြန်မာမွတ်စလင် ၂၅၀၀၀၀ ကျော်ကို အမြဲတမ်း နေထိုင်ခွင့်ပေးသည်။ သို့သော် ဆော်ဒီ အာဏာပိုင်များက မြန်မာနိုင်ငံမှ ဝင်ရောက်လာသူများကို ခွဲခြားထားရှိကြသည်။
မြန်မာမှ ပင်လယ်ကွေ့ဒေသသို့ ရောက်လာသူများမှာ ကျွမ်းကျင်မှု နည်းပြီး လုပ်အားခနိမ့်သော အလုပ်များ လုပ်ကြရပြီး အခြားသော ဆင်းရဲသည့် အရှေ့တောင်အာရှမှ လာရောက်သူများ ကဲ့သို့ပင် အခက်အခဲများ ရင်ဆိုင်ကြရသည်။
အဗ္ဗဒူလာ ဘုရင် နတ်ရွာစံသောအခါ ဆယ်လ်မန် ဘုရင်က ရိုဟင်ဂျာ မိသားစု ၃၀၀၀ ကို ဂျီဒါရှိထောင်များတွင် ထိန်းသိမ်းထားပြီး ရှင်းရှင်းလင်းလင်း မသိရသော အကြောင်းများကြောင့် မြန်မာသို့ ပြန်လည်နှင်ထုတ်ရန် ကြိုးစားသည်။
တချိန်တည်းတွင် ဆော်ဒီအာရေးဗီးယားသည် မြန်မာ၊ တရုတ် အစိုးရများနှင့် ရခိုင်ပြည်နယ်အတွင်း သယံဇာတ ထုတ်လုပ် ဖြန့်ချိမှု ခေတ်မီရေးကို လုပ်ဆောင်နေကြောင်း၊ ၂၀၁၁ ခုနှစ်က တရုတ်နှင့် ဆော်ဒီအာရေးဗီးယားတို့ မကြာသေးမီက ပြီးစီးသည့် တရုတ်မြန်မာရေနံ ပိုက်လိုင်း အတွက် တနေ့လျှင် ရေနံစိမ်း စည် ၂၀၀၀၀၀ ပေးပို့ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးလိုက်သော အခါ ဆော်ဒီအာရေးဗီးယားနှင့် အိမ်နီးချင်း ပင်လယ်ကွေ့ နိုင်ငံငယ်များသည် မြန်မာ့ရေနံလုပ်ငန်းတွင် နက်ရှိုင်းစွာ ပတ်သက်လာကြောင်း ဆောင်းပါးရှင်က ထောက်ပြသည်။
အာရပ်စော်ဘွားများ နိုင်ငံ UAE ကလည်း ရခိုင်ပြည်နယ်၏ တိုးတက်လာသော ရေနံလုပ်ငန်း ပိုမိုတိုးတက်စေရန် ရခိုင်ပြည်နယ်တွင် လမ်းများ၊ ဟိုတယ်များ တည်ဆောက်သည်။
၂၀၁၄ ခုနှစ်မှ စ၍ ကာတာက မြန်မာမှ တဆင့် တရုတ်သို့ မီသိန်းဓာတ်ငွေ့ တင်ပို့ လာသဖြင့် ပင်လယ်ကွေ့ ဒေသနှင့် တရုတ်၏ ဆက်သွယ်ရေးတွင် မြန်မာနိုင်ငံ၏ အရေးပါသော အခန်းကဏ္ဍကို ပိုမို လေးနက်လာ စေသည်။
“ ဆော်ဒီအာရေးဗီးယားက ရိုဟင်ဂျာများကို ဆက်လက် ထောက်ခံလိုသော်လည်း ကာတာကဲ့သို့ အခြားသော ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီဝင်နိုင်ငံများသည် ၎င်းတို့၏ ဒေသတွင်း ပိုမိုကျယ်ပြန့်သော ဗျူဟာနှင့် ဆန့်ကျင်နေလျှင်၊ အထူးသဖြင့် ထိုသို့လုပ်၍ တရုတ်နှင့် တင်းမာမှုဖြစ်မည် ဆိုလျှင် အခြေအနေကို လျစ်လျှူရှုထား လိုကြသည်” ဟု ဆောင်းပါးရှင်က သုံးသပ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည် ဖြစ်စေ၊ ဦးမဆောင်သည် ဖြစ်စေ မြန်မာအစိုးရသည် ၎င်း၏ ရိုဟင်ဂျာဆိုင်ရာ သဘောထားကို အနာဂတ်တွင်လည်း ပြောင်းမည့်ပုံ မရှိကြောင်း၊ ထို့ကြောင့်ပင် ဆော်ဒီအာရေးဗီးယားသည် ရိုဟင်ဂျာ အရေးကို မြန်မာရှိ ၎င်း၏ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ အန္တရာယ်ကျရောက်သည် အထိ ဆက်လက် ထောက်ခံကောင်း ထောက်ခံနိုင်ကြောင်းလည်း ဆိုသည်။
“ဆော်ဒီအာရေးဗီးယားက လုပ်ဆောင်နေသော ရှုပ်ထွေးလှသည့် ကွန်ရက်သည် ပိုမိုရှုတ်ထွေးလာသည်။ သို့သော် မြန်မာနိုင်ငံမှ မွတ်စလင် လူနည်းစုကို ထောက်ခံခြင်းသည် ကမ္ဘာ့လူထုအမြင်တွင် ဆိုးကျိုးထက် ကောင်းကျိုး ပိုမိုရနေသည် ဟု အထင်အရှား မြင်နေသည့်အတွက် ဆော်ဒီအာရေးဗီးယားသည် ရိုဟင်ဂျာအရေးကို အချိန်တခုထိ ဆက်လက်ထောက်ခံနေနိုင်သည်”ဟု ဆောင်းပါးရှင်က ရေးသည်။