တရုတ်လူမျိုး နိုင်ငံခြားသားများပါဝင်သော မူးယစ်မှောင်ခိုဂိုဏ်းမှ ကွင်းဆက်တရားခံများအား ကျပ် ၃၁ ဘီလီ ယံကျော်တန်ဖိုးရှိ မူးယစ်ဆေးများ၊ သေနတ်များနှင့်အတူ ဧပြီ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ထပ်မံ ဖမ်းမိခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ မြန်မာ့အလင်းတွင် ဖော်ပြထားသည်။
မူးယစ်ဂိုဏ်းတွင် ဆက်စပ်ပါဝင်သူများ ငှားရမ်းထားသည့် သာကေတမြို့နယ်နှင့် ရန်ကင်မြို့နယ်တို့မှ တိုက်ခန်း ၄ ခန်းတွင်း ဝင်ရောက်ရှာဖွေရာမှ ဘိန်းဖြူ ၃ ဒသမ ၉၆၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၆၆ဝ၁၂ ပြား၊ အိုက်စ် ၂၉၉ ဒသမ ၆ ကီလို စုစု ပေါင်း ကျပ် ၃၁ ဒသမ ၉၄၅၅ ဘီလီယံတန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ပစ္စတိုသေနတ်နှစ်လက်၊ ကျည်အိမ် သုံးခု၊ ၎င်းကျည် ၁၅ တောင့် နှင့် မော်တော် ယာဉ် ၅ စီးတို့ကို ထပ်မံဖမ်းမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဂိုဏ်းအမှုကို ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အတွင်း ထိုင်ဝမ် (တရုတ်-တိုင်ပေ) နိုင်ငံသားဖြစ်သူ CAI JENG ZE ထံမှ ကတ်တမင်း ၁၆၀ ဂရမ်ဖမ်းဆီးရမိ ရာမှ စတင်းကာ ကွင်းဆက်အမှုများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် နိုဝင် ဘာ ၁၈ ရက်နေ့တွင် တရုတ် ထိုင်ဝမ်နိုင်ငံသား ၅ ဦးအား အိုက်စ်ခေါ် မူးယစ်ဆေးဝါးများထည့်ထားသည့် ဆာလာအိတ် ၃၇ အိတ်နှင့်အတူ ပုဇွန်တောင်မြို့နယ်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်တို့တွင် ဆက်လက်ဖမ်းဆီးရမိခဲ့သည်။
အစိုးရ၏ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်နေ့ထုတ်ပြန်ချက်တွင် အဆိုပါ အမှုနှင့် ပတ်သက်ပြီး ကွင်းဆက်အဖြစ် မူးယစ်ဂိုဏ်းနှင့် ဆက်စပ်တရားခံ ၂၄ ဦးကို ဖမ်းဆီးထားကြောင်းနှင့် ကျပ် ၄၀ ဘီလီယံခန့်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ ကားများ၊ သေနတ်များကို လည်း သက်သေခံပစ္စည်းများအဖြစ် ဖမ်းမိထားကြောင်း ထုတ်ပြန်သည်။
ထိုသို့ထုတ်ပြန်ချက်တွင် အမှုတွင်ပါဝင်နေသည့် နိုင်ငံခြားသားများအား မြန်မာနိုင်ငံအတွင်း စီးပွားရေး ဗီဇာဖြင့် ဝင်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးခဲ့ပြီး အမှုတွင် ဆက်စပ်ပါဝင်နေသည့် Lucky Pioneer Co.Ltd ဒါရိုက်တာ ရန်နိုင်ထွန်းဆိုသူကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။
ကုမ္ပဏီများမှတ်ပုံတင်ရေးဦးစီးဌာန၏ အချက်အလက်များအရ Lucky Pioneer Co.Ltd တွင် မြန်မာမှတ်ပုံ တင် ကိုင်ဆောင်ထားသူ အားရှိုနှင့် ရန်နိုင်ထွန်းတို့က ဒါရိုက်တာအဖြစ် တာဝန်ယူထားပြီး အမှတ် မ၂၃/၁ (ခ)၊ သိပ္ပံလမ်း၊ ၆၆ လမ်းနှင့် ၆၇ လမ်းကြား မန္တလေးမြို့တွင် တည်ရှိသည့် ကုမ္ပဏီဖြစ်သည်။
ဧပြီ ၁၈ ရက် အစိုးရထုတ်ပြန်ထားချက်အရ ၎င်းမူးယစ်ဂိုဏ်းနှင့်ပတ်သက်၍ မူးယစ်ဆေးဝါး ကျပ် ၇၂ ဘီလီယံခန့်ကို ဖမ်းဆီးရမိထားပြီး သက်သေခံကားများ၊ သေနတ်များနှင့် ဆက်စပ်သူ ၃၁ ဦးကို ဖမ်းဆီးထားသည် ဆိုသော်လည်း ဖမ်းဆီးထားသူများတွင် နိုင်ငံခြားသား ဘယ်နှစ်ဦး၊ မြန်မာနိုင်ငံသား ဘယ်နှစ်ဦးဆိုသည်ကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်မှု မရှိပေ။
လက်ရှိတွင် သာကေတမြို့နယ်နှင့် ရန်ကင်မြို့နယ်တို့တွင် ဧပြီ ၁၈ ရက်နေ့က ဖမ်းဆီးရမိသူ ၇ ဦးကို မူးယစ်ဆေးဝါးမှုဖြင့် အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ပါဝင်သူတဦးဖြစ်သူ ထွန်းလင်းအောင်ဆိုသူမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။