သတင်း

ဒေါ်အောင်ဆန်းစုကြည် ဥရောပ ခရီးစဉ် သွားမည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်၊ အီတလီနှင့် ဘယ်ဂျီယံ နိုင်ငံတို့ကို ဧပြီလကုန်ပိုင်းမှ စ၍ သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ကပြောသည်။

ခရီးစဉ်အကြောင်း အရာ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အင်္ဂလန်၊ အီတလီနှင့် ဘယ်ဂျီယံ နိုင်ငံများနှင့် မြန်မာနိုင်ငံ အကြား ဆက်ဆံရေးတိုးမြှင့်ရန်အတွက် သွားရောက်မှာ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ဦးဇော်ဌေး က “ဒါကတော့ ထုံးစံအတိုင်း နိုင်ငံအချင်းချင်း အကြားမှာ ဆက်ဆံရေး ပူးပေါင်းပါဝင်တိုးမြှင့်ဖို့ အတွက် ချစ်ကြည်ရေး ခရီးစဉ်ပေါ့။ ဧပြီလကုန်ပိုင်းလောက ်စ သွားမှာပါ။ တပတ်လောက်ကြာမယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုခရီးစဉ်၌ ပြင်သစ်နိုင်ငံကိုလည်း ရောက်ရှိမည်ဖြစ်သော်လည်း လေယာဉ်ခရီးစဉ် အကူးအပြောင်းသာ ဖြစ်သည်ဟုဆိုသည်။

ဥရောပ ခရီးစဉ်က ပြန်ရောက်ရှိလာမည့် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံတွင် မေလ ၁၄ ရက်၊ ၁၅ ရက်နေ့များတွင် ပြုလုပ်မည့် ပိုးလမ်းမသစ် (New Silk Road) စီမံကိန်း ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

(ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည့် တရုတ်နိုင်ငံ၏ ထိပ်သီးဆွေးနွေးပွဲအကြောင်းကို ဤနေရာ တွင် ဖတ်ရှုနိုင်သည်။)

ထိုခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အပါအဝင် အခြားကဏ္ဍများကိုလည်း ဆွေးနွေးဖြစ်ဖွယ် ရှိကြောင်း ဦးဇော်ဌေး က ပြောသည်။

“One Belt, One Road ဆွေးနွေးပွဲသွားမှာပါ။ ဒါတွေ (ငြိမ်းချမ်းရေးကိစ္စ) ကတော့ ကျွဲကူးရေပါပေါ့။ ဆွေးနွေးတာလည်း ရှိကောင်း ရှိမှာပေါ့။ အဲဒါတွေလည်း ကျနော်တို့ သတင်းထုတ်ပြန်မှာပါ” ဟု ဦးဇော်ဌေး က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များ ဆက်နေတာကြောင့် အစိုးရအနေဖြင့် မေလဆန်းတွင် ပြုလုပ်ရန်ရည်ရွယ်ထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေးကို နောက်ဆုတ်မလား၊ သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် မပါဘဲ ကျင်းပမလားဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading