သံမဏိနှင်းဆီ ဂျာနယ်ထုတ်ဝေသူ ကိုဝေယံဟိန်း ကို သတ်ခဲ့သော လူသတ်တရားခံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ က Yangon Police လူမှုဆက်သွယ်ရေး ကွန်ရက် Facebook စာမျက်နှာမှတဆင့် ဧပြီလ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန် လိုက်သည်။
ကိုဝေယံဟိန်း ကိုသတ်သူမှာ နိုင်ငံခြားသင်္ဘောသား တဦးဖြစ်သည့် အောင်ကိုကို ဆိုသူဖြစ်ပြီး အောင်ကိုကို၏ ဇနီးနှင့် ကိုဝေယံဟိန်း တို့၏ လူမှုရေးဖောက်ပြန်မှုမှတဆင့် ဆက်နွယ်ပြီး လူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အောင်ကိုကိုနှင့် ဇနီးဖြစ်သူတို့ကိုလည်း ဧပြီ ၁၉ ရက်နေ့ ညနေ ၆ နာရီက ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲတွင် အောင်ကိုကိုနှင့် ၎င်းဇနီးတို့မှာ ကလေးတယောက်ရှိကြောင်း သေဆုံးသူ ကိုဝေယံဟိန်းနှင့် အောင်ကိုကို၏ ဇနီးတို့မှာ လွန်ခဲ့သော ၈ လခန့်က လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာ ထက်မှ တဆင့် သိကျွမ်းခဲ့ပြီး ချစ်ကြိုက်ခဲ့ကြောင်း၊ မကြာခန ချိန်းတွေ့ မှုများလည်း ရှိသည်ဟုလည်းဆိုသည်။
နိုင်ငံခြားသင်္ဘောသား အောင်ကိုကိုမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ လကုန်တွင် စင်္ကာပူနိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီးနောက် ၎င်း၏ ဇနီးဖြစ်သူနှင့် ကိုဝေယံဟိန်းတို့ အကြား လူမှုရေး ဖောက်ပြန်မှုများ ရှိနေသည်ကို သိရှိခဲ့ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ အောင်ကိုကိုနှင့် ကိုဝေယံဟိန်းတို့အကြား ဖုန်းထဲမှတဆင့် စကားများဖူးသည်ဟုလည်းသိရသည်။
အောင်ကိုကို၏ ထွက်ဆိုချက်အရ ၎င်း၏ ဇနီးဖြစ်သူမှာ ကိုဝေယံဟိန်းနှင့် လူမှုရေးဖောက်ပြန်နေကြောင်းသိရသဖြင့် ဇနီးနှင့် သားဖြစ်သူကို နေအိမ်အခန်းတွင် သော့ခတ်ထားခဲ့ကြောင်း၊ ၎င်းပြန်ရောက်ချိန်တွင် ဇနီးနှင့် သား မတွေ့ကသဖြင့် ကိုဝေယံ ဟိန်းထံ ၁၂ ၊ ၄၊ ၂၀၁၇ ရက်နေ့က ဖုန်းဖြင့် ဆက်သွယ် စုံစမ်းခဲ့သည်ဟုဆိုသည်။
ကိုဝေယံဟိန်းက အောင်ကိုကိုထံ ၁၄၊ ၄၊ ၂၀၁၇ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြီး ဇနီးဖြစ်သူနှင့် သားဖြစ်သူကို ဒဂုံဧရာ အဝေးပြေးဝင်းတွင် တွေ့ခဲ့ရကြောင်း အကြောင်းစုံသိနိုင်ရန် ၎င်းနေထိုင်သည့် ပုဇွန်တောင်မြို့နယ်က သံမဏိနှင်းဆီ ဂျာနယ်တိုက်သို့ လာရောက်စုံစမ်းရန် ချိန်းဆိုခဲ့သည်ဟုဆိုသည်။
ထိုနေ့တွင်ပင် အောင်ကိုကိုက သံမဏိနှင်းဆီ ဂျာနယ်တိုက်သို့ သွားခဲ့ပြီး ကိုဝေယံဟိန်းနှင့် တဦးချင်းတွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ၎င်း၏ ဇနီးအား ရှာဖွေပေးရန် ပြောဆိုရာတွင် ကိုဝေယံဟိန်းမှ အောင်ကိုကို၏ ဇနီးဖြစ်သူမှာ ၎င်းတဦးတည်းနှင့် လူမှုရေးဖောက်ပြန်ခြင်း မဟုတ်ဘဲ အခြားအမျိုးသားများနှင့်လည်း ပတ်သက်ခဲ့ဖူးကြောင်း ပြောဆိုသည်ဟုဆိုသည်။
အောင်ကိုကို ၏ ဇနီးဖြစ်သူကို လမ်းမတော်မြို့နယ်ရှိ Bliss Guest House အခန်း ၁၀၁ တွင် ကိုဝေယံဟိန်း အမည်ဖြင့် တည်းခိုစေခဲ့ကြေင်း ပြောဆိုခဲ့ရာမှ တယောက်တခွန်း စကားများခဲ့ပြီး အောင်ကိုကို က စားပွဲပေါ်ရှိ ဓားဦးချွန်ဖြင့် ကိုဝေယံဟိန်း၏ ဝမ်းဗိုက်အား ၁၄ ချက်၊ ၁၅ ချက်ခန့်ထိုးခဲ့ကြောင်း၊ ကိုဝေယံဟိန်း၏ iPhone SE ကိုလည်းတပါတည်းယူဆောင်သွားခဲ့သည်ဟု သိရသည်။
အောင်ကိုကို၏ ဇနီး ထွက်ဆိုချက်တွင် ၁၁၊ ၄၊ ၂၀၁၇ ရက်နေ့က ခင်ပွန်းဖြစ်သူ အောင်ကိုကိုက ၎င်းနှင့် သားဖြစ်သူကို မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ နေအိမ်တွင် သော့ခတ်ထားခဲ့သဖြင့် ကိုဝေယံဟိန်းအား အကူအညီတောင်းရာ ကိုဝေယံဟိန်းနှင့် သော့ပြင်သမားတဦး ရောက်ရှိလာကာ သော့ဖျက်ဖွင့်၍ လမ်းမတော်မြို့နယ်ရှိ Bliss Guest House သို့ ပြောင်းရွှေ့နေထိုင် စေခဲ့သည်ဟုဆိုသည်။
ယင်းသို့ နေထိုင်ချိန်တွင် ကိုဝေယံဟိန်းမှ Bliss Guest House သို့ ထမင်းချိုင့်လာပို့ခဲ့သလို သားဖြစ်သူ ဂိမ်းကစားနိုင်ရန် အတွက် ကွန်ပြူတာ လက်တော့ တလုံးပေးခဲ့ကြောင်း၊ Bliss Guest House တွင် ၁၄ ရက်နေ့ည အထိ တည်းခိုခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။
ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီရုံးခန်းတွင် ကိုဝေယံဟိန်းအား သတ်ခဲ့သည့် အောင်ကိုကိုသည် Bliss Guest House သွားရောက်၍ ၎င်း၏ ဇနီးနှင့် သား ဖြစ်သူအား ခေါ်ယူပြီး ရွှေဂုံတိုင် ဟိုတယ်သို့ ပြောင်းရွှေ့ တည်းခိုခဲ့ပြီး ၁၅၊ ၄၊ ၂၀၁၇ ရက်နေ့တွင် ၎င်း၏ မိဘများရှိရာ ပြင်ဦးလွင်မြို့ရှိ ငါးရံ့ချောင်း ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်စေခဲ့သည်ဟုသိရသည်။
အခင်းဖြစ်စဉ်မှာ အောင်ကိုကို ဝတ်ခဲ့သည့် ဂျင်းဘောင်းဘီနှင့် တီရှပ်တို့အား မင်္ဂလာတောင်ညွှန်မြို့နယ် က နေအိမ်တွင် သိမ်းဆည်းရမိခဲ့ပြီး ကိုဝေယံဟိန်း၏ iPhone SE နှင့် လက်တော့တို့အား ပြင်ဦးလွင်သို့ သွားရောက် တိမ်းရှောင်စဉ် လမ်းခရီး၌ Feel စားသောက်ဆိုင်အနီးရှိ ရေကန်အတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ အခင်းဖြစ်စဉ်၌ အသုံးပြုခဲ့သော ဓားကိုလည်း ဂျာနယ်ဖြင့် ထုတ်ပိုးပြီး အခင်းဖြစ်ပွားရာ ဂျာနယ်တိုက်မျက်စောင်းထိုးရှိ အမှိုက်ပုံးတွင် စွန့်ပစ်ခဲ့သည်ဟု ထွက်ဆိုထားသည်။
ဧပြီလ ၁၆ ရက်နေ့တွင် သံမဏိနှင်းဆီ ဂျာနယ် တိုက်ခန်းအတွင်းမှ အပုတ်နံ့များ ရကြောင်း ဘေးချင်းကပ် အခန်းများက အယ်ဒီတာ ဖြစ်သူထံ အကြောင်းကြားရာမှ အခန်းတွင်းသို့ ဝင်ရောက် ကြည့်ရှုရာတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသော ကိုဝေယံဟိန်းကို တွေ့ရှိခဲ့ရခြင်းဖြသသည်။
အမှုမှန်ပေါ်ပေါက်ရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ အထူးအမှုစစ်အဖွ့အား ဖွဲ့စည်း ဆောင်ရွက်စေခဲ့ရာမှ ပြင်ဦးလွင် မြို့နယ်၊ ငါးရံ့ချောင်းရွာတွင် သွားရောက် တိမ်းရှောင်နေသည့် ပြစ်မှုကျူးလွန်သူ အောင်ကိုကိုအား ၄ ရက်အတွင်း ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။