သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်အား ဂုဏ်ပြုသည့်အနေဖြင့် ၎င်းအမည်ဖြင့် ပန်းခြံတခု တည် ဆောက်ပေးရန် ယနေ့ ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်သည့် ဦးဝင်းတင်ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရဦးတင်ဦးက တောင်းဆိုလိုက်သည်။
သူရ ဦးတင်ဦးက “ဟံသာဝတီ ဦးဝင်းတင်က အထူးစံပြုထိုက်တဲ့ ပုဂ္ဂိုလ်ပဲ၊ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် တခုခု၊ ပန်းခြံတခုခု စီစဉ်ပေးချင်တဲ့ စိတ်ကူးရှိပါတယ်”ဟု အခမ်းအနား တက်ရောက်လာသော ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပါအဝင် တိုင်းလွှတ်တော်ဥက္ကဌ၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် တက်ကြွလှုပ်ရှားသူများနှင့် ပရိသတ် တရာကျော် ရှေ့မှောက်၌ ပြောဆိုခဲ့သည်။
ထိုသို့ ဦးဝင်းတင်အမည်ဖြင့် ပန်းခြံ တခု ထားရှိပေးရန် တောင်းဆိုမှုများအပေါ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် ဦးဖြိုးမင်းသိန်း က မှတ်ချက်မပေး မတုန့်ပြန်ခဲ့ပေ။ သို့သော် နိုင်ငံရေးအကျဉ်းသားများ ဘဝတွင် အတူတူနေခဲ့ဖူးသော အတွေ့အကြုံများကို ပြန်ပြောင်း သတိရကြောင်း ပြောဆိုပြီး ဦးဝင်းတင် ပါဝင်ထူထောင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ပါဝင်လာခဲ့ကြသော ၎င်းကဲ့သို့ လက်ရှိ အုပ်ချုပ်ရေး တာဝန်ယူနေကြသူများသည် ဦးဝင်းတင် ရည်မျှော်ခဲ့သော ဒီမိုကရေစီနည်းကိုသာ ကျင့်သုံးပြီး “အာဏာရှင်စနစ်ကို ကျင့်သုံးမည် မဟုတ်”ကြောင်း ဦးဖြိုးမင်းသိန်းက ပြောဆိုသည်။
ဦးဝင်းတင် ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ကလည်း အပြာရောင်ဝတ်ဆင်ကြရန် တိုက်တွန်းခဲ့သောကြောင့် အခမ်းအနား တက်ရောက်ကြသူ အတော်များများ အပြာရောင် အဝတ်များ ဝတ်ဆင်လာကြသလို အချို့ကလည်း ရေဝေးသုသာန်ရှိ ဦးဝင်းတင် အုတ်ဂူသို့ သွားရောက် ဂါရဝ ပြုခဲ့ကြသည်။
AAPP မှ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က “နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာကို အစိုးရသိစေဖို့နဲ့ အမြန်ဆုံးလွတ်ပေးဖို့ တိုက်တွန်းပါတယ်” ဟု ဧရာဝတီသို့ ပြောခဲ့သည်။ AAPP ၏ စာရင်းများအရ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၇၈ ဦးရှိနေသေးပြီး ၎င်းတို့ထဲ တွင် ကိုယ်ပိုင်အခွင့်အရေး တောင်းဆိုသူများနှင့် တိုင်းရင်းသားများ ပါဝင်နေကြောင်း ဆိုထားသည်။
ဟံသာဝတီ ဦးဝင်းတင်သည် စစ်အစိုးရလက်ထက် အကျဉ်းထောင်တွင်း နှစ် ၂၀ ခန့်နေထိုင်ခဲ့ရပြီး ပြန်လည် လွတ်မြောက်ချိန်တွင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ခြင်း မရှိသေးသည့်အတွက် ကွယ်လွန်သည် အထိ ထောင်ဝတ်စုံဖြစ်သည့် အပြာရောင်ကိုသာ ဝတ်ဆင်ခဲ့သူဖြစ်သည်။
ဟံသာဝတီဦးဝင်းတင်သည် ယူနက်စကိုအဖွဲ့၏ ဂွီလာရ်မိုကာနို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆု ချီးမြှင့် ခံထားရသူဖြစ်ပြီး ပြင်သစ်နိုင်ငံတွင် လမ်းတလမ်းကို ဝင်းတင်လမ်းဟု ဂုဏ်ပြုအမည်ပေးခြင်းလည်း ခံထား ရသူဖြစ်သည်။
ပန်းခြံထားရှိရေးတောင်းဆိုမှုနဲ့ ပတ်သက်ပြီး ဦးမင်းကိုနိုင်က “ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်းကြီးမားတဲ့နိုင်ငံ တွေမှာ စစ်အင်အားသုံးပြီး တိုင်းပြည်တည်ဆောက်သူကြီးပဲ မဟုတ်ဘူး၊ ဉာဏ်ပညာနဲ့တည်ဆောက်ခဲ့တဲ့ စာဆိုတွေ၊ ပညာရှိတွေကိုလည်း ဂုဏ်ပြုကြပါတယ်၊ ကျနော်တို့ဆီမှာလည်း လက်ရုံးရည်သမားမဟုတ်ဘဲ နှလုံးရည်သမားကိုလည်း လောကကြီးက အသိ အမှတ်ပြုတယ်ဆိုတာကို မြင်ချင်ပါတယ်”ဟု ပြောခဲ့သည်။