မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက အမေရိကန် ပြည်ထောင်စုအား လွန်စွာ ပြင်းထန်သော ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်မည်ဟု သတိပေးလိုက်သည်။
မြောက်ကိုရီးယား အာဏာရ အလုပ်သမား ပါတီအာဘော် The Rodong Sinmun က ဗြောင်ကျကျပင် ရေးသားသည်။
“ကျွန်ုပ်တို့၏ လွန်စွာပြင်းထန်သော လက်ဦးမှု ရယူတိုက်ခိုက်မှုကို စတင်လိုက်ပါက တောင်ကိုရီးယားနှင့် ပတ်ဝန်းကျင်တွင် သာမက အမေရိကရှိ အမေရိကန် နယ်ချဲ့တပ်များကို ချက်ခြင်းနှင့် လုံးဝ ဖယ်ရှားပစ်လိုက်ပြီး ပြာကျသွားစေမည်” ဟု ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့ကို ဖျက်ဆီးပစ်မည် ဟု ပုံမှန် ခြိမ်းခြောက်လေ့ ရှိပြီး ပြုံယမ်းတွင် ဒုံးကျည်များကို အကြီးအကျယ် စစ်ရေးပြပြီး နောက်တနေ့တွင် ပြုလုပ်သည့် မအောင်မြင်သော ဒုံးပျံပစ်လွှတ်မှု နောက်ပိုင်းတွင်လည်း ရန်လိုမှု လျှော့ကျသွားခြင်း မရှိပေ။
အမေရိကန်သည် မြောက်ကိုရီးယားနှင့် ပတ်သက်သည့် အခြေအနေ အရပ်ရပ်ကို နိုင်ငံတော် ကမကထပြု အကြမ်းဖက်ဝါဒ (State-sponsored Terrorism) အရ သာမက ပြုံယမ်းမှ အစိုးရ အပေါ် ဖိအားပေးနိုင်သော နည်းလမ်းများ အရပါ ပြန်လည်သုံးသပ် နေကြောင်း တောလာဆန် (Tillerson) က ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှ သတင်းထောက်များအားပြောသည်။
အာရှ မဟာမိတ်များထံ သွားရောက်စဉ် အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် ကလည်း မြောက်ကိုရီးယား အပေါ် ဗျူဟာအရ သည်းခံသောခေတ် ကုန်ဆုံးသွားပြီ ဟု အကြိမ်ကြိမ် ပြောသည်။
စစ်ရေး နည်းလမ်းသည် ဖိအားပေးသည့် နည်းလမ်းများ၏ တစိတ်တပိုင်း ဖြစ်ရမည် ဟုအမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါရန်း ကလည်း သူ၏ လန်ဒန်ခရီးစဉ်တွင် ပြောသည်။
“ဒီလို အာဏာရှင်ကို ဒီလိုအာဏာတွေ ခွင့်ပြုထားတာဟာ ယဉ်ကျေးတဲ့ နိုင်ငံတွေ အနေနဲ့ ခွင့်ပြုနိုင်တဲ့ ကိစ္စ မဟုတ်ဘူး” ဟု ကင်ဂျုံအန်ကို ရည်ညွှန်းလျှက် သူက ပြောကြားသည်။
တင်းမာမှုများ လျှော့ချရန် တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို အားရမိသော်လည်း မဟာမိတ်များကို မြောက်ကိုရီးယားက နျူကလီးယား လက်နက်များနှင့် တိုက်ခိုက်နိုင်သည် ဟူသော အချက်ကို လက်မခံနိုင်ကြောင်း လည်း သူက ပြောသည်။
မြောက်နှင့် တောင်ကိုရီးယားတို့မှာ ၎င်းတို့၏ ၁၉၅၀-၅၃ စစ်ပွဲကို ငြိမ်းချမ်းရေး စာချုပ်ဖြင့် မဟုတ်ဘဲ အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့် အဆုံးသတ်ခဲ့သဖြင့် သဘောတရားအရ စစ်ဖြစ်နေကြဆဲ အခြေအနေတွင်ရှိနေသည်။
တောင်ကိုရီးယား ယာယီသမ္မတ ဟောင်ကျိုးအန်က ကြာသပတေးနေ့တွင် ကျင်းပသည့် ထိပ်တန်း အရာရှိများ အစည်းအဝေးတွင် စစ်တပ်နှင့် လုံခြုံရေးတပ်များ နိုးကြားမှု ရှိရန် အကြိမ်ကြိမ် တောင်းဆိုသည်။
အမေရိကန် နှင့် တောင်ကိုရီးယား လေတပ်များသည် Max Thunder အမည်ရှိ နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို ဧပြီလ ၂၈ ရက်နေ့ အထိ ပြုလုပ်နေသည် ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောသည်။ မြောက်ကိုရီးယားက ထိုကဲ့သိုသော လေ့ကျင့်မှုများကို ကျူးကျော်ရန် ပြင်ဆင်ခြင်းဟု အမြဲပြောလေ့ ရှိသည်။
တရုတ်နိုင်ငံကို ဒေါသထွက်စေသည့် အမေရိကန်က ထောက်ပံ့သော (Terminal High Altitude Area Defence – THAAD) ဒုံးကျည်ကာကွယ်ရေးစနစ် တောင်ကိုရီးယားတွင် ချထားရန် ယင်း အစီအစဉ် နှင့်ပတ်သက်၍ တောင်ကိုရီးယား သမ္မတ လောင်းများသည် ဗုဒ္ဓနေ့ညက စကားရည်လုပွဲတွင် အငြင်းပွား ခဲ့ကြသည်။
တနင်္လာနေ့က ဟောင် နှင့် ပန့်စ် တို့သည် THAAD အစီအစဉ်ကို ဆက်လက်လုပ်ဆောင်ရန် ထပ်မံ အတည်ပြု ပြောခဲ့ကြ သော်လည်း ထိုဆုံးဖြတ်ချက်ကို တောင်ကိုရီးယား သမ္မတသစ်က ချမှတ်ရမည် ဖြစ်သည်။ တရုတ်နိုင်ငံက အားကောင်းသည့် ရေဒါစနစ်သည် တောင်ကိုရီးယား၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ဆိုသည်။
အမေရိကန်ကိုပင် ပစ်ခတ်နိုင်သော ဒုံးကျည် ထုတ်လုပ်ထားသည် ဟု မြောက်ကိုရီးယားက ကြေညာသော်လည်း မြောက်ကိုရီးယားသည် နျူကလီးယား ထိပ်ဖူး သေးငယ်အောင် ပြုလုပ်သည့် နည်းပညာ အပါအဝင် လိုအပ်သော နည်ပညာ ကျွမ်းကျင်မှုရရန် အချိန်အတန်ကြာ လိုသေးသည်ဟု အရာရှိများနှင့် ကျွမ်းကျင်သူများက ယုံကြည်သည်။
မြောက်ကိုရီးယား၏ မအောင်မြင်သော နောက်ဆုံး ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကြေညာချက် အမေရိကန် မူကြမ်းအပေါ် အမေရိကန်နှင့် ရုရှားတို့ ဗုဒ္ဓဟူးနေ့က ပဋိပက္ခ ဖြစ်ခဲ့ကြသည်။
တရုတ်က ထိုကြေညာချက်ကို သဘောတူသည် ဟု သံတမန်များက ပြောသည်။
ထိုသို့သော လုံခြုံရေး ကောင်စီ ကြေညာချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက သဘောတူညီရန် လိုအပ်သည်။
ဒုံးကျည်ပစ်လွှတ်မှုကို ရှုတ်ချသော ယခင် ကြေညာချက်များတွင် “တွေ့ဆုံဆွေးနွေးမှုမှ တဆင့် ငြိမ်းချမ်း ကျယ်ပြန့်သော အဖြေရရန် လုံခြုံရေးကောင်စီနိုင်ငံများနှင့် အခြားနိုင်ငံများ၏ အားထုတ်မှုကို ကြိုဆိုသည်” ဟု ဖေါ်ပြသော်လည်း ယခု ကြေညာချက်တွင် “တွေ့ဆုံဆွေးနွေးမှုမှ တဆင့်” ဟူသော စကားစုကို ဖြတ်တောက်ထားပြီး ရုရှားက ပြန်လည် ထည့်သွင်းရန် တောင်းဆိုသည်။
“နိုင်ငံရေးအရ အရေးပါတဲ့ သဘောတူပြီးသား စကားစုကို ပြန်လည် ထည့်သွင်းပေးဖို့ တောင်းဆိုပြီး မူကြမ်းကို ဆက်လက် ဆွေးနွေးဖို့ ဆန္ဒကို ဖော်ပြပေမယ့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့က ဘာဖြေရှင်းချက်မှ မပေးဘဲ ကြေညာချက်မူကြမ်း အစီအစဉ်ကို ဖျက်သိမ်းလိုက်တယ်” ဟု ကုလသမဂ္ဂရှိ ရှရှားကိုယ်စားလှယ် အဖွဲ့က ၎င်းတို့၏ ကြေညာချက်တွင် ပြောသည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကမူ ထိုစကားစုသည် နိုင်ငံတကာက အသိုင်းအဝိုင်း အနေဖြင့် မြောက်ကိုရီးယား နျူကလီးယား ပြဿနာအတွက် ငြိမ်းချမ်ကျယ်ပြန့်သော အဖြေရရန် လုပ်ဆောင်မည့် နည်းလမ်းကို လွန်စွာ ကျည်မြောင်း စေသောကြောင့် ဖြတ်တောက်သည် ဟု ပြောကြောင်း သံတမန်များက ဆိုသည်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ Lu Kang က လုံခြုံရေး ကောင်စီသည် ညီညွတ်မှု ထိန်းသိမ်းနိုင်သည် ဟု ယုံကြည်ကြောင်း ပြောသည်။
“ကိုရီးယား ကျွန်းဆွယ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သင့်တင့်လျောက်ပတ်စွာ တုံ့ပြန်နိုင်ဖို့ လုံခြုံရေးကောင်စီမှာ တသံတည်း ထွက်ဖို့ လိုပါတယ်” ဟု သူက သတင်းထောက်များအား ပြောသည်။
လွန်ခဲ့သော အပတ်က ကိုရီးယား ရေပိုင်နက်နှင့် လွန်စွာဝေးကွာသော အရပ်သို့ ရောက်နေသော်လည်း မြောက်ကိုရီးယားကို သတိပေးရန် ထရမ့်က စေလွှတ်လိုက်သည် ဟူသော လေယာဉ်တင် သင်္ဘောအုပ်စု မည်သည့်အရပ် ရောက်နေသည်ဟူသော ကိစ္စကြောင့်လည်း အရှုပ်အထွေး ဖြစ်ခဲ့ရသည်။
USS Carl Vinson တိုက်ခိုက်ရေး သင်္ဘောအုပ်စုသည် အစီအစဉ် ဖြတ်တောက် လျှော့ချလိုက်ရသည့် လေ့ကျင့်ရေး အစီအစဉ် အတွက် ဩစတေလျသို့ သွားပြီး ယခုအခါ အမိန်အတိုင်း ပိစိဖိတ် အနောက်ပိုင်းသို့ ဦးတည်ခုတ်မောင်းနေ သည် ဟု အမေရိကန် ပိစိဖိတ် ဌာနချုပ်က ကြေညာသည်။ ။
ကိုးကား ။ ။ Reuters နှင့် သတင်းအေဂျင်စီများ