မန္တလေး၊ အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၁၃ လမ်းနှင့် ၁၄ လမ်းကြားရှိ နန်းမြို့ကျုံးအတွင်းသို့ ဧပြီလ ၂၁ ရက် မွန်းလွဲ ၁ နာရီခွဲ ခန့်က ၇ လသား ကလေးငယ် တဦးကို ပွေ့ပိုက်ထားသည့် အမျိုးသမီးတစ်ဦး ခုန်ချသေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ သားအမိ နှစ်ယောက်ကို အနီးပတ်ဝန်းကျင်နေသူများက ဆယ်ယူ၍ ဆေးကုသရန် ဆေးရုံသို့ ပို့ကြောင်း သို့သော်လည်း မိခင်ဖြစ်သူ မှာဆေးရုံအရောက်တွင် ဆုံးသွားခဲ့ကြောင်းနှင့် သားဖြစ်သူ ကိုတော့ အရေးပေါ် ဆေးကုသမှုခံယူလျှက်ရှိကြောင်း သိရှိရသည်။
အမှတ် ၄ နယ်မြေစခန်းမှ တာဝန်ရှိသူ တဦးက “ကျွန်တော်တို့ သတင်းရရခြင်း သွားရောက် ကယ်ဆယ်ခဲ့ပါတယ်။ ကလေး အမေနဲ့ ကလေးကို မီးသတ်အဖွဲ့တွေ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့အတူ ပတ်ဝန်းကျင်ရဲ့ အကူအညီနဲ့ ကယ်ဆယ်ခဲ့ပြီး ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ကလေးငယ်ပွေ့ပိုက်၍ ကျုံးအတွင်း ခုန်ချခဲ့သူမှာ အောင်မြေသာစံမြို့နယ် ပြည်လုံးချမ်းသာရပ်ကွက် အကွက် (၅၄) တောင်တလုံးဝင်း၌ နေထိုင်သူ မအေးစုစုထွေး (ခ) အိုင်အေရှား (၂၀) နှစ် ဖြစ်ပြီး ၎င်း၏သားဖြစ်သူမှာ ၇ လသား အရွယ်သာ ရှိသေးသည့် ရှိန်းအာကာအောင် (ခ) မွတ်စ်တာဖါရှ် ဖြစ်ကြောင်းသိရသည်။
မအေးစုစုထွေး (ခ) အိုင်အေရှား သည် စိတ်ကျန်းမာရေးချို့တဲ့ နေသူဖြစ်ပြီး တိုင်းရင်းဆေးဖြင့် ကုသမှုခံယူနေသူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကြေးနန်း မှတ်တမ်းတွင် ဖော်ပြထားသည်ကို တွေ့ရသည်။
မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီး အရေးပေါ်ကုသရေး ဌာနမှ တာဝန်ရှိသူ တဦးက “ဆေးရုံကို ရောက်လာ ကတည်းက အသက်က ငွေ့ငွေ့ပဲ ရှိတော့တာပါ။ ဆေးရုံရောက်ပြီး ကုသမှုခံနေဆဲအချိန်မှာပဲ သေဆုံးခဲ့ပါတယ်။ ကလေးကိုတော့ ကုတင် ၅၅၀ ဆံ့ကလေးဆေးရုံကြီးမှာ ပြောင်းလဲကုသမှုတွေ ပေးနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အမှုအခင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်လျှက်ရှိပြီး မအေးစုစုထွေး (ခ) အိုင်အေရှား သေဆုံးမှှုမှာ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် အမှုဖွင့် စစ်ဆေး၊ ဆောင်ရွက်နိုင်ရေး ချိတ်ဆက်ဆောင်ရွက်လျှက်ရှိကြောင်း ရဲမှတ်တမ်းစာ အရသိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လူသွားလူလာများပြားသည့် ကားလမ်းမများပေါ်တွင် မတ်လ အတွင်းက အမျိုးသမီးများ အဝတ်ဗလာ ဝတ်လစ် စားလစ်ဖြင့် သွားလာမှုများ ဖြစ်ပွားခဲ့ပြီး အချို့က စိတ်ကျန်းမာရေးကြောင့်ဟု ပြောဆိုမှုများ ရှိသလို အချို့ကတော့ စိတ်ဖိစီးမှုများ မခံစားနိုင်တော့ သဖြင့် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်ကြောင်းသုံးသပ်ပြောဆိုကြသည်။