ပြိုင်ဆိုင်မှု ကြီးမားလာသည့် ပြင်သစ်သမ္မတရွေးကောက်ပွဲ မတိုင်မီ နောက်ဆုံးရက်များ အတွင်း ပါရီတွင် ရဲအရာရှိ တဦး သေဆုံးစေခဲ့သော ပစ်ခတ်မှု အပြီး လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများသည် အမြင့်မားဆုံး ဖြစ်လာသည်။
ထိပ်တန်းမှ ပြေးနေသော သမ္မတလောင်း ၄ ဦးအကြား မဲကွာဟမှု ကျဉ်းမြောင်းလှသောကြောင့် ပြင်သစ် ရွေးကောက်ပွဲများ အနက် ခန့်မှန်းရအခက်ဆုံး သမ္မတရွေးကောက်ပွဲ၏ ပထမ အကျော့ မဲဆွယ်ပွဲ ဖြစ်သည့် လာမည့် တနင်္ဂနွေနေ့တွင် ပြင်သစ် ပြည်သူများ မဲပေးကြမည် ဖြစ်သည်။ မဲအများဆုံးရသူ သမ္မတလောင်း ၂ ဦးတို့သည် မေလ ၇ ရက်နေ့ ထိပ်တိုက်ရွေးကောက်ပွဲတွင် ထပ်မံယှဉ်ပြိုင်ရမည် ဖြစ်သည်။
ရဲတဦးသေပြီး ၂ ဦး ဒဏ်ရာရသော ကြာသာပတေးနေ့ညက ပါရီမြို့လယ်ရှိ Champs-Elysees ဈေးလမ်း ပစ်ခတ်မှုသည် မဲဆွယ်ပွဲများကို ရုတ်တရက် ရပ်တန့်သွားစေနိုင်သည်။
သမ္မတလောင်းများသည် ၎င်းတို့၏ မဲဆွယ်ပွဲ အစီအစဉ်များကို ရှင်းပြရန် တဦးပြီး တဦးရုပ်မြင်သံကြားတွင် ပေါ်လာချိန်တွင် ပါရီ၏ ကမ္ဘာကျော် နေရာတွင် ထိုပစ်ခတ်မှု ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ထို လုပ်ရပ်သည် ၎င်းတို့ လုပ်ရပ်ဖြစ်သည် ဟု IS (အစ္စမစ်နိုင်ငံအဖွဲ့) က ကြေညာသည် ဟု Amaq သတင်းဌာန အဆိုအရ သိရသည်။
ထို ဖြစ်ရပ်ကြောင့် နောက်ထပ် တရက်ထပ်မံကျင်းပရန် စီစဉ်ထားသော မဲဆွယ်ပွဲကို ရပ်ဆိုင်းသင့် မသင့် သမ္မတလောင်းအချို့ အကြား အငြင်းပွားခဲ့ကြရသည်။
“လက်ရှိ အခြေအနေမှာ ဆက်ပြီး မဲဆွယ်စရာ ဘာအကြောင်းမှ မရှိဘူး။ ကျနော်တို့ဟာ ရဲတပ်ဖွဲ့နဲ့ သွေးစည်း ညီညွတ်မှုကို ဦးစားပေး ပြသရမယ်” ဟု ကွန်ဆာဗေးတစ် သမ္မတလောင်း Francois Fillon က Alps သို့ သွားမည့် ခရီးစဉ်ကို ဖျက်သိမ်းပြီးနောက် သောကြာနေ့က France 2 ရုပ်သံ သို့ ပြောသည်။
လုံခြုံရေး ကိစ္စများတွင် သဘောထား တင်းမာသူ အဖြစ် သတ်မှတ်ခံရခြင်းကို ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့ ကြီုးစားနေသော Fillon က အစ္စလာမ် အကြွင်းမဲ့အာဏာရှင်စနစ် တိုက်ဖျက်ရေးသည် သမ္မတသစ် အတွက် ဦးစားပေး ဖြစ်သည် ဟု ပြောသည်။
လက်ယာစွန်း နိုင်ငံရေးသမား Jean-Luc Melenchon က သမ္မတလောင်းများသည် အကြမ်းဖက်မှုကို အရှုံးမပေးသင့် ဟု ပြောသည်။
“နောက်ထပ် သတင်းအချက်အလက်တွေကို စောင့်ရင်း ကျနော်တို့တွေဟာ နိုင်ငံသားတွေ အနေနဲ့ ကျနော်တို့ရဲ့ တာဝန်ကို အာရုံစိုက်သင့်တယ်။ ဒါဟာ မတုန်လှုပ်ဖို့၊ ကျနော်တို့ရဲ့ ဒီမိုကရေစီ လုပ်ငန်းစဉ်ကို မရပ်တန့်ဖို့ပဲ” ဟု သူက ပြောသည်။
သဘောထားစစ်တမ်း ကောက်ယူသူများက အလယ်ဗဟိုဝါဒီ Emmanuel Macron နှင့် လက်ယာစွန်းခေါင်းဆောင် Marine Le Pen တို့ သည် တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် ထိပ်ဆုံးမှ ပြေးနေပြီး ထိပ်တိုက် ရွေးကောက်ပွဲတွင် သူတို့သာ ပြိုင်ရလိမ့်မည် ဟု မြင်ကြသည်။ ထိုသို့ဖြစ်ပါက အလယ်ဗဟို လက်ဝဲ နှင့် အလယ်ဗဟို လက်ယာတို့ အလှည့်ကျ အနိုင်ရသော အစဉ်အလာကို ချိုးဖျက်လိုက်မည် ဖြစ်သည်။
သူ၏ လွတ်လပ်သော ရှေ့သို့ “En Marche!” (Onwards!) လှုပ်ရှားမှုကို ထူထောင်ရန် လွန်ခဲ့သော ဩဂုတ်လက စီးပွားရေး ဝန်ကြီးရာထူးမှ နှုတ်ထွက်ခဲ့သော ဘဏ်လုပ်ငန်းရှင်ဟောင်း Macron သည် ထိပ်တိုက်ရွေးကောက်ပွဲတွင် Le Pen ကို ဖြစ်စေ၊ အခြားမည်သည့် သမ္မတလောင်းကို ဖြစ်စေ အနိုင်ရလိမ့်မည် ဟု နောက်ဆုံးကောက်ယူသော စစ်တမ်းများက ပြသနေသည်။
သို့သော် မဲကွာဟမှုမှာ လွန်စွာနည်းသောကြောင့် ပထမအကျော့တွင်ပင် ခန့်မှန်းချက်များ မှားယွင်းနိုင်သည်။
ကောင်းမွန်သော လူမှုကွန်ရက် မဲဆွယ်ခြင်းနှင့် ပြတ်သားသောသော ရုပ်သံ မဲဆွယ်ပွဲများကြောင့် စစ်မှန်သော ယှဉ်ပြိုင်သူ ဖြစ်လာသည့် Melenchon သည် Fillon နှင့် သူနိုင် ကိုယ်နိုင် ဖြစ်နေပြီး ထိပ်တန်း ပြေးနေသူများ နောက် ရာခိုင်နှုန်း အနည်းငယ်အကွာတွင် ရှိနေသည်။
သမ္မတလောင်းများကို ပစ်မှတ်ထားသည်ဟု ယူဆရသည့် တိုက်ခိုက်မှုတခုကို ယခုအပတ် အစောပိုင်းက ဟန့်တား နိုင်ခဲ့ပြီးနောက် ပထမအကျော့ ရွေးကောက်ပွဲ မတိုင်မီကာလတွင် လုံခြုံရေးစိုးရိမ်မှုများ ပြန်လည် ခေါင်းထောင်လာခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ်မှ စတင်ပြီး ပြင်သစ်နိုင်ငံသည် သေလောက်သော တိုက်ခိုက်မှု အများအပြားကို ကြုံတွေ့နေရသည်။
ထောက်ခံမှုရရန် နောက်ဆုံးအပတ် အတွင်း သူမ၏ ပြည်ဝင်ခွင့် ထိန်းချုပ်ရန် အစီအစဉ်ကို အလေးထားသော Le Pen သည်လည်း ကြာသာပတေးနေ့ညက တိုက်ခိုက်မှုကို အခွင့်ကောင်းယူသည်။
“ကျမတို့ ပြည်သူတွေ အစ္စလာမ်မစ် အကြမ်းခက်မှုနဲ့ ယဉ်ပါးသွားတာမျိုးကို မဖြစ်စေလိုဘူး။ ရိုးရိုးအအ ဆက်နေဖို့ မဖြစ်နိုင်တော့ဘူး။ ကျမတို့ ကလေးတွေကို သူတို့ကို အကာအကွယ် မပေးနိုင်တဲ့ နိုင်ငံမှာ မထားခဲ့နိုင်ဘူး” ဟု သူက France 2 သို့ ပြောသည်။
သမ္မတ၏ ပထမဦးစားပေး အလုပ်မှာ ပြည်သူများကို ကာကွယ်ရန် ဖြစ်သည် ဟု ပြောပြီး Macron ကလည်း ထိုပစ်ခတ်မှု အကြောင်း ရည်ရွယ်ပြောသည်။
ယခု ရွေးကောက်ပွဲသည် ကမ္ဘာ့ ပဉ္စမအကြီးဆုံး စီးပွားရေး ဖြစ်ရန် ဗြိတိန်နှင့် ယှဉ်ပြိုင်နေသော ၂ ဒသမ ၂ ထရီလီယံ ယူရို ပြင်သစ် စီးပွားရေး၏ ဦးတည်ရာဘက်ကို အဆုံးအဖြတ် ပေးမည် ဖြစ်သည်။ ဥရောပအပေါ် သံသယရှိသူများ ဖြစ်သည့် Le Pen နှင့် Melenchon တို့ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်နေသောကြောင့် ရလဒ်သည် ဥရောပတွင် ပြင်သစ်၏ အခန်းကဏ္ဍအပေါ် သက်ရောက်နိုင်သည်။
ကြာသာပတေးနေ့က Harris Interactive စစ်တမ်းအရ Macron နှင့် Le Pen တို့ ရှေ့မှ ပြေးနေပြီး မဲကွာဟမှုမှာ ယခင်ကထက် ပိုမိုကြီးမားလာသည်။ အလယ်ဗဟိုဝါဒီ Macron က ၂၄ ဒသမ ၅ ရာခိုင်နှုန်း အနီးသို့ ကပ်လာပြီး Le Pen မှာ ၂၁ ရာခိုင်နှုန်းသာ ရှိတော့သည်။
ယခင်က လူကြိုက်အများဆုံး ဖြစ်ခဲ့ပြီး ဆွေမျိုးညာတိ ကောင်းစားရေး စွပ်စွဲချက်များကြောင့် မဲဆွယ်ပွဲ ကသိကအောက် ဖြစ်ခဲ့သူ Fillon က ၂၀ ရာခိုင်နှုန်း ရနေပြီး Le Pen က နောက်မှ လိုက်လာနေသည်။ Melenchon မှာ ၁၉ ရာခိုင်နှုန်းတွင်သာ ငြိမ်နေသည်။
ကိုးကား ။ ။ Reuters နှင့် အေဂျင်စီသတင်းများ