ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ဆင်ဖူးကုန်းကျေးရွာသို့ ဆင်ရိုင်းနှစ်ကောင်ရောက်ရှိကာ လူသတ် ဖြတ်သည်အထိ အန္တရာယ်ပြုလာသည့်အတွက် သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့မှ ယမန်နေ့ညကစတင်၍ ကျေးရွာ တွင် စခန်းချကာ လုံခြုံရေး စောင့်ရှောက်ပေးနေရသည်။
ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီမှစတင်ကာ ဆင်ဖူးတန်းကျေးရွာသို့ တောဆင်ရိုင်း နှစ်ကောင်ဝင်ရောက်၍ စပါးစိုက်ခင်းများအား စားသောက်ပြီး အသက် ၅၉ နှစ်အရွယ် ဒေသခံတစ်ဦးကို သတ်ဖြတ်ကာ ရွာအနီး တဝိုက် တွင် သောင်းကျန်းနေသည့်အတွက် သာပေါင်းမြို့နယ်ရဲတပ်ဖွဲ့က အင်အား ၂၀ ကျော်ဖြင့် လုံခြုံရေး ယူပေးနေ ရခြင်း ဖြစ်သည်။
“ဆင်က လောလောဆယ်တော့ ရွာနားကတောစပ်ထဲမှာ အခြေပြုနေတုန်းပဲ မောင်းလို့မရသေးဘူး။ ရွာကိုတော့ ရဲလုံခြုံရေးအပြည့်ချပြီး စောင့်ရှောက်ထားတယ်။ ညပိုင်းတော့ ဗျောက်အိုးတွေဖောက်ပြီး မောင်းနေရတာပေါ့။ ဒီနေ့တော့ သစ်တောဌာနက ဆင်လိုက်အဖွဲ့ကို ခေါ်ထားတယ်၊ သူတို့အဖွဲ့ရောက်လာရင်တော့ ရဲအဖွဲ့နဲ့ပေါင်းပြီး မောင်းမယ်”ဟု သာပေါင်းမြို့မရဲစခန်းမှုး ဒုရဲမှူးမြင့်လွင်က ဧရာဝတီကို ပြောသည်။
ဆင်နင်း၍ သေဆုံးသူမှာ ဆင်ဖူးကုန်းရွာသား လယ်သမား ဦးသန်းဝင်း ၅၉ နှစ် ဖြစ်ပြီး တောတွင်းသို့ အလုပ် လုပ်ရန်အသွား တောဆင်ရိုင်းနှင့် တွေ့ဆုံ၍ ဆင်ကရန်ပြုသည့်အတွက် ဦးသန်းဝင်းမှာ ဦးခေါင်းပိပြား ဒဏ်ရာ၊ ယာပေါင်ကွဲပြဲဒဏ်ရာ၊ နံရိုးများကျိုးသည့်ဒဏ်ရာ၊ နာခေါင်းနှင့်နားသွေးထွက် ဒဏ်ရာများဖြင့် သေဆုံးခဲ့ ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
တောဆင်သောင်းကျန်းနေကြောင်း ဒေသခံများက ရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့သည့်အတွက် သာပေါင်းမြို့နယ် ရဲတပ်ဖွဲ့နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၀၈ ခြေမြန်တပ်ရင်းမှ စစ်သည် ရဲဘော်များ ဆင်ဖူးကုန်းကျေးရွာသို့ ယမန်နေ့က လာရောက်ပြီး လုံခြုံရေးယူပေးခဲ့ကြကြောင်း သိရသည်။
ညနေပိုင်းတွင် အခြေအနေတည်ငြိမ်သွားသည့်အတွက် အမှတ် ၃၀၈ ခြေမြန်တပ်ရင်းက ပြန်လည်ရုတ်သိမ်း သွားခဲ့ပြီး သာပေါင်းမြို့မရဲစခန်းမှ စခန်းမှူးပါ ၂၀ ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှ အရာရှိနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် ၆ ဦး၊ သာပေါင်းမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူးပါ ၆ ဦးနှင့် သစ်တောဌာနတာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ တို့မှ ကျေးရွာဘုန်းကြီးကျောင်းတွင် စခန်းချ၍ စောင့်ရှောက်ပေးထားကြောင်း သိရသည်။
“လတ်တလော တာဝန်ရှိသူတွေ စီစဉ်နေတာက ဒီဆင်ရိုင်းတွေကို သစ်တောဌာနရော ရဲတပ်ဖွဲ့ရော ဒေသခံတွေ ပါ ပူးပေါင်းပြီး မောင်းမယ်။ အဲ့လိုမောင်းလို့မရရင်တော့ ကွန်ဂျီဆင်ယဉ်တွေနဲ့ ဝိုင်းဖမ်းပြီး ကားပေါ်တင်ပြီးတော့ တောနက်ထဲကို ပြန်ပို့ဖို့ စီစဉ်နေကြတယ်။ အခုလက်ရှိတော့ အဲဒီ ဆင်ရိုင်းတွေက ရွာနားတဝိုက်မှာ ခိုနေ တုန်းပဲ”ဟု သာပေါင်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကပြောသည်။
အနောက်ရိုးမနှင့် ဆက်စပ်နေသည့် ဧရာဝတီတိုင်းဒေသကြီး သာပေါင်း၊ ငပုတောနှင့် ပုသိမ်မြို့နယ်ရှိ ငွေဆောင်၊ ချောင်းသာဒေသများသို့ ဆောင်းရာသီနှင့် နွေရာသီကာလများတွင် တောဆင်ရိုင်းများ အုပ်စုလိုက် လာရောက်၍ လူတို့စိုက်ပျိုးထားသည့် စပါးနှင့် တောင်ယာသီးနှံများကို ဝင်ရောက်စား သောက်လေ့ရှိပြီး ဒေသခံတို့နှင့် တောဆင်များ တွေ့ဆုံချိန်တွင် ရန်ပြုခံရသည့်အတွက် လူသေဆုံးမှုများ နှစ်စဉ်ဖြစ်ပွားလေ့ ရှိသည်။