တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ် ရေးထိုးရန် တိုက်တွန်းနေခြင်းသည် လက်နက်ချခိုင်းခြင်း မဟုတ်သော်လည်း တချို့သော အဖွဲ့များက နားလည်မှု လွဲမှားနေကြောင်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM)ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပစဉ် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောဆိုလိုက်သည်။
“NCA ဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ အချက်မဟုတ်ပါဘူး။ ဒါကို လူတိုင်း သိပါတယ်။ သို့သော်လည်း တချို့ အဖွဲ့အစည်းများက နားလည်မှု လွဲနေတာသည် NCA လက်မှတ်ထိုးခြင်းသည် လက်နက်ချခိုင်းတယ်လို့ နားလည်မှု လွဲနေတာ ရှိပါတယ်” ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
မြန်မာနိုင်ငံသား အားလုံး ဦးတည်ရမည်မှာ နိုင်ငံ ထာဝရ ငြိမ်းချမ်းပြီး ဒီမိုကရေစီ ပန်းတိုင်ကို အမြန်ဆုံး လျှောက်လမ်းနိုင်ရန် အင်မတန် အရေးကြီးသည့် အခြေအနေ အချိန်ကာလလည်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းမှ ဖွံ့ဖြိုး တိုးတက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒါတွေကို နားမလည်သေးတဲ့အဖွဲ့ရော၊ နားလည်ပြီးတော့မှ နားမလည်ချင်ယောင်ဆောင်တဲ့ အဖွဲ့တွေရော သိအောင်လို့ ကျနော်တို့ လက်မှတ်ထိုးပြီးသား တိုင်းရင်းသားခေါင်းဆောင်ကြီးများက တဆင့်စကား တဆင့်ကြား ကိုယ်တိုင်ဖြစ်စေ၊ အဖွဲ့အစည်းနဲ့ဖြစ်စေ ဒါလေးတွေလည်း တိုက်တွန်းပေးစေလိုပါတယ်”ဟု ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အားလုံးပါဝင်၍ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး အတွေးအခေါ်များကို တင်ပြနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယနေ့ ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းတွင် ပြောသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က “ထာဝရ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် ဘယ်အပိုင်းကနေပဲ ကြည့်ကြည့် ဘယ်ရှု ထောင့် ကနေပဲ ကြည့်ကြည့် ကျမတို့ရဲ့ ရည်ရွယ်ချက်အတိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဘယ်လို ပိုပြီးတော့ အောင်မြင်အောင် လုပ်နိုင် မလဲ၊ ပိုပြီးတော့ တိုးတက်အောင် ပိုပြီးတော့ ရှေ့ရောက်အောင် လုပ်နိုင်မလဲဆိုတဲ့ အတွေးအခေါ်တွေနဲ့ စဉ်းစားမယ်လို့ ဒီလိုပဲ မျှော်လင့်ပါတယ်”ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အားလုံးသည် ပြည်သူကို သနားကြင်နာသောအားဖြင့် မိမိဒေသတွင် ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်စေရန် လက်နက်ကိုင်လမ်းစဉ်တွေကို အဆုံးသတ်ဖို့လိုပြီဆိုသည့် အကြောင်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြီးခဲ့သည့် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီးတွင် မှာကြားထားပြီး ဖြစ်ကြောင်း ဒုတပ်ချုပ် စိုးဝင်းက ပြောသည်။
“ကျနော်တို့ တပ်မတော်ပိုင်းအနေနဲ့ မူဝါဒချထားပြီးသားဖြစ်တဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ် ရှိပါတယ်။ ပြီးရင် NCA စာချုပ်မှာပါတဲ့ အချက်အလက်တွေ ရှိပါတယ်။ ပြီးရင် Code of Conduct ရှိပါတယ်။ တပ်ပိုင်းဆိုင်ရာ လိုက်နာရမယ့် မူဝါဒတွေ ရှိပါတယ်”ဟုလည်း ၎င်းက ဆိုသည်။
၎င်းက ဆက်၍ “လက်နက်ကိုင် အဖွဲ့အစည်း အချင်းချင်းကို အမြင်၊ သူ့အမြင်တွေ ဒါတွေကို တိတိကျကျ လိုက်နာလို့ရှိရင် ထိုးပြီးသား အဖွဲ့တွေရော မထိုး သေးတဲ့ အဖွဲ့တွေလည်းပဲ ထိုးလာနိုင်တဲ့ အနေအထား ရှိတယ်။ ထိုးပြီးသား အဖွဲ့တွေကလည်းပဲ ပြသာနာ ကြီးကြီး မားမား တစုံတရာ အကြီးအကျယ် မရှိဘဲနဲ့ ကျနော်တို့ ပြည်သူအားလုံး မျှော်မှန်းထားတဲ့ ထာဝရ ငြိမ်းချမ်းရေး ဖြစ်လာနိုုင်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးကလည်း NLD အစိုးရသည် ယခင် ကြံ့ခိုင်ရေး အစိုးရ၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်၍ NCA ကို ဆက်လက် အကောင် အထည်ဖော်ရမည့် တာဝန်ရှိပြီး တပ်မတော်ကလည်း NCA ကို လက်မှတ်ရေးထိုးထားသဖြင့် ဆက်လက်ဆောင်ရွက်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
“ကျနော်တို့ EAOs (တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ) တွေကလည်း NCA ကို ကိုယ်စီ လက်မှတ်ရေးထိုးထားကြလို့ NCA ကို ဆက်ပြီး အကောင်အထည်ဖော်ကြမယ်ဆိုတဲ့ သံဋ္ဌိာန် ချထားပြီး ဖြစ်ပါတယ်”ဟု ကရင် အမျိုးအသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးဆေးဖိုးက ပြောသည်။
ယနေ့ ကျင်းပသည့် JICM အစည်းအဝေးသည် NLD အစိုးရလက်ထက်တွင် ပထမဆုံး အကြိမ် ဖြစ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်းအဝေး ရက်သတ်မှတ်ခြင်း၊ ညီလာခံတွင် ဖက်ဒရယ် အခြေခံမူ သဘော တူညီချက် များကို ကြေညာချက်တစောင် အဖြစ် ထုတ်ပြန်နိုင်ရေး၊ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ မကျင်းပရသေးသည့် အဖွဲ့များ ကိစ္စနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရေး ကိစ္စတို့ကို ဆွေးနွေးကြကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်တို့ ပါဝင်သည်ကို တွေ့ရသည်။