တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေကို အရပ်သားတဦးအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သည် ဆိုသော သတင်းထွက်ပေါ်နေမှုနှင့် ပက်သက်၍ ဖြေရှင်းချက်ပေးရန် ညွှန်ကြားထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို ကော်မတီဝင် ဦးညာဏ်ဝင်း က ပြောသည်။
ဦးညာဏ်ဝင်း က “လူတယောက်က၊ တခြား လူတယောက်ကို ပါးရိုက်ခွင့်မှ မရှိဘဲ။ အဖွဲ့အစည်း ဥပဒေမှာကိုက မရှိတာလေ။ လွှတ်တော် ကိုယ်စားလှယ်မဟုတ်ဘူး။ ဘယ်သူ့မှာမှလည်း မရှိဘူး။ အဲတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဘာလုပ်မလဲဆိုတာကို အခုမပြောနိုင်ပါဘူး။ Report (အစီရင်ခံစာ) ရမှ ပြောမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာထက်တွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တခုတွင် တနင်္သာရီမြို့နယ် မဲဆန္ဒနယ်အမှတ် – ၂ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ပဝရွာသား ဦးထွန်းလှ ကို အပြန်အလှန် စကားများရာမှ တဆင့် ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သည်ကို တွေ့ရသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေ အနေဖြင့် ၎င်း၏ ကိုယ်ထိ လက်ရောက်ကျူးလွန်ခံရသူ ဦးထွန်းလှ နေထိုင်ရာ ကျေးရွာသို့ ဧပြီလ ၂၄ ရက်နေ့က သွားရောက်ကာ နှစ်ဖက် ကာယကံရှင်များ တွေ့ဆုံ ဆွေးနွေးပြီး တောင်းပန်ခဲ့သည်ဟု ဆိုသည်။
ဦးရဲမြင့်ဆွေ က “တွေ့ဆုံပွဲက အဆင်ပြေပါတယ်ခင်ဗျ။ အားလုံးကောင်းဖို့ အတွက်လုပ်ကြရာကနေ ဖြစ်သွားတာပေါ့နော်။ ကျနော်က တောင်းပန်ရမယ့် တာဝန်ရှိတယ်။
မဲဆန္ဒရှင် ပြည်သူတွေရော အားလုံးကို တောင်းပန်ပါတယ်။ နောက်မဖြစ်စေရ ပါဘူးလို့လည်း ကတိပြုပါတယ်။ သူ့အနေနဲ့ ကလည်း ကြိုဆိုပါတယ်” ဟု ပြောသည်။
ဧပြီ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမြင့်ဆွေသည် ၎င်း၏မဲဆန္ဒနယ်အတွင်းရှိ ပဝ ချောင်းထဲကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်း ဆောက်လုပ်နေမှုအခြေအနေကို စစ်ဆေးရာမှ ဦးထွန်းလှနှင့် စကားများကြပြီး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မိခြင်း ဖြစ်ကြောင်း သိရသည်။
ဦးညာဏ်ဝင်း က “ပြောချင်တာက တခုပဲ ရှိပါတယ်။ အားလုံးက ဥပဒေအရ အတူတူပါပဲ၊ အဲဒီအထဲမှာမှ လွှတ်တော် ကိုယ်စားလှယ် ဆိုတဲ့ လူတွေက ပိုပြီးတော့ ဂုဏ်သိက္ခာရှိစွာ နေရမှာပေါ့” ဟု ပြောဆိုသည်။