မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေလက်ထက် ပျောက်ဆုံးနေခဲ့သည့် ရေနံ လက်ယက်တွင်း ရန်ပုံငွေများကို လက်ရှိအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးခြင်း မရှိပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း လက်ရှိ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။
ဒေါက်တာ အောင်မိုးညိုက “ ပြည်ထောင်စုကတော့ ပျောက်နေတဲ့အထဲက တချို့ကို ပြန်ပေးဖို့ ပြောထားတယ်၊ ဒါကို ကျနော်တို့ ညှိနှိုင်းဆောင်ရွက်မယ်၊ ပြန်မလွှဲပေးရင်တော့ အရေးယူဖို့ ညွန်ကြားထားတဲ့အတိုင်း ဆက်လုပ်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွန်ကြားချက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) အတွက် သုံးစွဲခဲ့သည့် ကျပ်သန်း ၁၇၀၀ ကျော် အပါအဝင် ကျပ်သန်း ၃၂၀၀ ကျော်ကို လက်ရှိတိုင်းအစိုးရ သို့ပြန်လွဲပေးရန် ညွန်ကြားထားသည်။
ဖွံ့ဖြိုးရေးရန်ပုံငွေများ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့က ဧပြီ ၁၈ ရက်နေ့ ရက်စွဲဖြင့် မကွေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေ၊ မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌနှင့် ရွှေသုခ အသေးစား ငွေချေးလုပ်ငန်း ဥက္ကဋ္ဌ ဦးညီထွန်းတို့ထံ လိပ်မူကာ တိုင်းအစိုးရအဖွဲ့ထံ ဖြေရှင်းဆောင်ရွက်ပေးရန် ညွန်ကြားချက်ကို ပေးပို့ခဲ့ခြင်း ဖြစ်သည်။
ညွန်ကြားချက်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး) အတွက် သုံးစွဲခဲ့သည့်် မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းပိုင် ကျပ်သန်းပေါင်း ၁၇၀၀ ၊ ငွေချေးလုပ်ငန်းကို လွှဲပြောင်းပေးခဲ့သည့် ကျပ် ၁၅၇၀ သန်း နှင့် မော်တော်ယာဉ် ၄ စီး၊ ဘတ်ဟိုး ၁ စီး၊ ပဲ့ထောင်ရေယာဉ် ၂ စီး တို့ကို ပြန်လွှဲပေးရန်ဖြစ်ပြီး လွှဲပြောင်းပေးခြင်း မရှိပါက တည်ဆဲဥပဒေများအတိုင်း အရေးယူ ဆောင်ရွက်သွားရန် အကြံပြုထားသည်။
ညွန်ကြားချက်ပါ သုံးစွဲငွေများအပြင် ဖွံ့ဖြိုးရေးအတွက်ဟုဆိုကာ သုံးစွဲခဲ့သည့် ကျပ်သန်း ၄၁၈၀ ကျော်နှင့် ပတ်သက်၍လည်း မည်သည့်နေရာတွင် မည်သည့်အတွက် သုံးစွဲခဲ့သည်များကို စာရင်းနှင့်တကွ တိကျစွာ ဖြေရှင်းပေးရန်လည်း လိုအပ်ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက ပြောသည်။
ဦးထွန်းထွန်းက “ပြည်သူပိုင်ငွေတွေကို ပြည်သူအတွက်ပဲ သုံးစွဲသင့်တယ်၊ အခုက ပါတီအတွက်လည်း သုံးထားတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေနဲ့လည်း မကိုက်ညီဘူး၊ ဒါတွေကို ပြန်မပေးရင် အန္တရာယ် အရမ်းကြီးပါတယ်”ဟု ပြောသည်။
ယခုကဲ့သို့ ပြည်သူပိုင် ရန်ပုံငွေများကို ပါတီတရပ်အတွက် သုံးစွဲခဲ့သည်ဆိုသည်မှာ အလွဲသုံးစားပြုလုပ်မှု ဖြစ်ပြီး လာဘ်စားမှုဟု မဆိုနိုင်သော်လည်း လိမ်လည်ခဲ့သည့် သဘော သက်ရောက်နေကြောင်း ဦးထွန်းထွန်းက ဝေဖန်ပြောကြားခဲ့သည်။
ရေနံလက်ယက်တွင်း ရန်ပုံငွေ ကျပ် ၂.၈ ဘီလီယံကျော် ပျောက်ဆုံးမှုကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းက ၂၀၁၆ ခုနှစ် မေလ ၃၀ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မေးမြန်းခဲ့ရာ၌ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ဖွံ့ဖြိုးရေးလုပ်ငန်းတွင် စာရင်းမရှိ သုံးစွဲထားကြောင်း ဖြေဆိုခဲ့သည်။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဝန်ကြီးချုပ်ဟောင်း ဦးဖုန်းမော်ရွှေနှင့် အစိုးရ အဖွဲ့ဝင်ဟောင်းများအား စစ်ဆေးခဲ့ရာတွင် ကျပ်သန်း ၇၄၅၉ အထိ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ပြီး ယင်းတို့အထဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွက်လည်း ကျပ်သန်း ၁၇၀၀ သုံးစွဲထားကြောင်း ပေါ်ပေါက်ခဲ့သည်။
ယင်းကိစ္စရပ်နှင့်ပတ်သက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့ပြုလုပ်လျက်ရှိပြီး ဆက်လက် လုပ်ဆောင်မည့်အစီအစဉ်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း မကွေးတိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။
လက်ရှိ အစိုးရသစ်အနေဖြင့် ရေနံလက်ယက်တွင်း လုပ်ငန်းရှင်များထံမှ ရေနံ ၁ ပီပါလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ၂၀၁၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ ကောက်ခံလျက်ရှိပြီး တနှစ်မပြည့်မီမှာပင် ကျပ်သန်းပေါင်း ၁၂၀၀ ကျော် ရရှိခဲ့ကြောင်း မကွေးတိုင်း အစိုးရအဖွဲ့မှ သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း စည်ပင်သာယာ အခွန်အရပ်ရပ်၏ လိုင်စင်ကြေးနှင့် လေလံကြေးများမှ ရရှိငွေမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် ကျပ်သန်း ၁၉၀၀ ကျော် ပိုမို ရရှိထားကြောင်း သိရသည်။