ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က ပြုလုပ်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်မည့်နေရာကို ညှိနှိုင်းမှု အဆင်မပြေသေးကြောင်း ပြောဆိုသည်။
RCSS/SSA မှ ဗိုလ်မှူးကြီးစိုင်းလက “ကျနော်တို့ တောင်းဆိုထားတာက တောင်ကြီး (သို့မဟုတ်) ပင်လုံမြို့မှာ ရှမ်းလူမျိုးတွေရဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ တောင်းဆိုထားတယ်။ သို့သော်လည်း နေရာညှိနှိုင်းတဲ့ အခက်အခဲ အကျပ်အတည်းတွေကြောင့် ညှိရင်းနဲ့ အခုထက်ထိ မလုပ်နိုင်သေးဘူး”ဟု သတင်းထောက်များကို ပြောသည်။
နေပြည်တော်တွင် ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ၌ ထိုကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ရာတွင် ဆုံးဖြတ်ချက် မကျဘဲ အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်ပေးမည်ဆိုသည့် အဖြေကိုသာ ရရှိခဲ့ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆက်ပြောသည်။
ရှမ်းလူမျိုးအလိုက်ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရက ခွင့်မပြုဘဲ ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲများကျင်းပရန် အဆိုပြုလာသည့်အပေါ် ကန့်ကွက်ရန်မရှိသော်လည်း ကိုယ်ဆွေးနွေးချင်သည့် ခေါင်းစဉ်မျိုး မရရှိခြင်းကြောင့် ပြီးပြည့်စုံသည့် ဆွေးနွေးပွဲတခု ဖြစ်မလာနိုင်ကြောင်း ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။
“ဒေသအလိုက် ဆွေးနွေးပွဲတွေလုပ်ဖို့ ပြောလာတဲ့အပေါ်မှာ ကျနော်တို့လည်း ကန့်ကွက်စရာ မရှိဘူး။ ကန့်ကွက်ဆွေးနွေးစရာ မရှိပေမယ့် လူမျိုးအလိုက် ဆွေးနွေးပွဲ မကျင်းပရဘဲနဲ့ ရှမ်းပြည်နယ် ဒေသအလိုက် ကျင်းပရတာက ပြီးပြည့်စုံတဲ့ ဆွေးနွေးပွဲတခု မဖြစ်နိုင်ဘူးလို့ ကျနော်မြင်တယ်”ဟု ၎င်းက ပြောသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ ဖြစ်သည်။
ရှမ်းပြည်နယ်တွင် RCSS/SSA က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မရခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အခုဖြစ်နေတာက RCSS ထိန်းချုပ်ရာ ဒေသဆိုပြီး UPDJC မှာ ကျလာတယ်။ သူ့ထိန်းချုပ်ရာဒေသက မိုင်းပန်ပေါ့နော်။ တောင်ကြီး၊ ပင်လုံ ကတော့ သူ့ထိန်းချုပ်နယ်မြေ မဟုတ်ဘူးလေ။ ဒါကို တပ်မတော်ပိုင်းက ဒီလိုမြင်တာပေါ့”ဟု ပြောသည်။
ထို့အပြင် တပ်မတော်နှင့် RCSS/SSA တို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုကို မဖြေရှင်းနိုင်သေးဘဲ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဖြစ်သာ အတည်ပြုခဲ့ကြောင်းနှင့် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်က ရရှိခဲ့သည့် ဒေသဖွံ့ဖြိုးရေး အကူအညီများကို လက်ရှိအစိုးရလက်ထက်တွင် ပြန်လည်ရရှိရေးကို တိုင်းရင်းသား လက်နက်ကိုင်များက တောင်းဆိုခဲ့သော်လည်း ဆက်လက်ညှိနှိုင်းရန်ဆိုသည့် သဘောထားသာရရှိခဲ့သည်ဟု RCSS/SSA အဖွဲ့က ပြောသည်။
ဗိုလ်မှူးကြီး စိုင်းလက “အချေအတင် ပြောတာကတော့ ဆွေးနွေးပွဲတိုင်းလိုလို ရှိပါတယ်။ အပစ်ရပ်နယ်မြေဆိုတဲ့ စကားလုံးနဲ့အညီ အပစ်ရပ်နယ်မြေ သတ်မှတ်နိုင်မှ ကြားကာလ အစီအစဉ်တွေကို ဆောင်ရွက်နိုင်မယ်ဆိုတဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိသလို တပ်နဲ့ RCSS နဲ့ နယ်မြေအငြင်းပွားနေတာကလည်း ရှေ့ဆက်လုပ်ငန်းစဉ်ပဲ ဖြစ်တယ်”ဟု ဆိုသည်။
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ရှိပြီး ယင်းတို့အနက်မှ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပခွင့် မရရှိသေးကြောင်း သိရသည်။