ရှမ်းပြည်နယ် ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အစိုးရက ကတိုက်ကရိုက် စီစဉ်သဖြင့် ဆွေးနွေးပွဲ တတ်ရောက်သည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်အများစုက စာတမ်းများ တင်ရာတွင် အချက်အလက် ပြည့်စုံစွာ ရေးသားရန် အချိန်မလုံလောက်သည့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်ဟု သတင်းရရှိသည်။
ဆွေးနွေးပွဲကို ဧပြီလ ၂၃ ရက်မှ ၂၅ ထိ တောင်ကြီးမြို့တွင် ကျင်းပခြင်း ဖြစ်သည်။
ပလောင်(တအာင်း) အမျိုးသားပါတီ ဥက္ကဌ ဦးအိုက်မုန်းက “ကျောက်မဲက ကိုယ်စားလှယ်ကို လွှတ်ပါတယ်။ နိုင်ငံရေး တို့ စီးပွားရေးတို့ ဘာတို့ ဘာလုပ်မယ် ဆိုတာ ဘာမှ ကြိုပြောမလာလို့ ဘာတင်ပြရမှန်းတောင် မသိဘူး။ သွားရပါ တယ်။ ကမန်းကတန်းနဲ့ အချိန်ကလည်း တိုတောင်းလွန်းတဲ့အတွက် ဘာမှ ပြင်ဆင်မှု မရှိလိုက်ဘူး” ဟု ပြောသည်။
ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တတ်ရောက်ရန် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များကို ပွဲ မကျင်းပမီ ၃ ရက်အလိုမှသာ ဖိတ်ကြားပြီး နိုင်ငံရေး၊ စီးပွားရေး၊ မြေယာနှင့် သယံဇာတ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ စာတမ်းများကို တင်ခိုင်းသည်ဟုလည်း ဦးအိုက်မုန်းက ပြောပြသည်။
ဆွေးနွေးပွဲမှ ရရှိသည့် စာတမ်းများကို မေလ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ရာစု ပင်လုံ အစည်းအဝေးတွင် ဆွေးနွေးနိုင်ရေးအတွက် ပေးပို့ရမည် ဖြစ်သည်။
‘ဝ’အမျိုးသား စည်းလုံး ညီညွတ်ရေးပါတီ ဒုဥက္ကဌ ဦးဆမ်ဆောင်ကား က“ပွဲတက်လာတဲ့ ကိုယ်စားလှယ် တော်တော် များများ စာတမ်း မပါလာကြတာ တွေ့ရတယ်။ အချိန် မလောက်တာက တက်လာတဲ့ ပါတီ ကိုယ်စားလှယ်တိုင်း ခံစားရတဲ့ ခံစားချက်ပါ။ စီစဉ်သူ နိုင်ငံအကြီးအကဲတွေက ဒါမျိုး မလုပ်သင့်ဘူး” ဟု ပြောသည်။
ဦးဆမ်ဆောင်ကားက ၎င်းတို့ကို ဧပြီ ၂၀ ရက် ညနေ ၄ နာရီတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ဖုန်းဆက်ပြီး ဆွေးနွေးပွဲ ကို တက်ရောက်ရန် ဖိတ်ကြားကာ ဆွေးနွေးပွဲအတွက် စာတမ်း ၃ စောင်ကိုလည်း ဧပြီလ ၂၁ ရက် ည ၁၂ နာရီ မတိုင်မီ အပြီးတင်သွင်းရန် ပြောသည်ဟု ဆိုသည်။
“ဝန်ကြီးချုပ်က ညွှန်ကြားထားလို့ဆိုပြီး ပြောတယ်။ အချိန်က အရမ်းတိုတောင်းတယ်။ ကျနော်တို့ ၂၁ ရက် ရေးပြီး တောင်ကြီးကို ရောက်မှ ၂၂ ရက်မှာ တင်မယ် ရလား။ မရရင် လာမတက်တော့ဘူး ပြောတော့မှ ရပါတယ်လို့ ပြန် ပြောတယ်” ဟုလည်း ဦးဆမ်ဆောင်ကားက ပြောဆိုသည်။
၎င်းတို့ ပါတီတွင်း ဗဟိုကော်မတီဝင်များကို စုစည်းကာ ဧပြီလ ၂၁ရက် ညလုံးပေါက် စာတမ်း ၃စောင်ကို အပြီး ရေး ခဲ့ရပြီး အသေးစိတ် အချက်အလက်များ မရေးနိုင်တော့သဖြင့် အရေးကြီးသည်များကို ကမန်းကတန်း ရေးဆွဲခဲ့ရသည် ဟုလည်း ဦးဆမ်ဆောင်ကားက ပြောသည်။
“ဒီကိစ္စက တိုင်းပြည်အတွက် အရေးကြီးတဲ့ ကိစ္စမှာ အားလုံး မစုံဘူး။ အခုက ဒီဘက်က အဆင်သင့်ဖြစ်တာ မဖြစ်တာ နားမလည်ဘူး။ ငါတို့ လုပ်တဲ့အတိုင်းပဲ လိုက်နာဆိုတဲ့ သဘောလို့ပဲ ကျနော်က မြင်တယ်” ဟု ဦးဆမ်ဆောင်ကားက ပြောဆိုသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းကလည်း ဆွေးနွေးပွဲမှာ ကတိုက်ကရိုက် ပြုလုပ် ခဲ့ခြင်း ဖြစ်သဖြင့် တက်ရောက်သည့် ကိုယ်စားလှယ်အများစုသည် အချက်အလက် ပြည့်စုံသည့် စာတမ်းများတင်ရန် အခက်အခဲ ဖြစ်သွားကြသည်ကို တွေ့ရသည်ဟု ပြောသည်။
“အခုက ကတိုက်ကရိုက်လုပ်တာ။ မဖြစ်သင့်ဘူး။ လူမျိုးအလိုက်လုပ်ပြီးမှ ဒေသအလိုက် လာရမှာကို ရှမ်းမှာ RCSS က လုပ်ခွင့် မရဘူးဖြစ်နေတယ်။ ကရင်ကျ ဘားအံမြို့ပေါ် တက်လုပ်ခွင့်ရတယ်။ ရှမ်းကိုကျ RCSS အုပ်ချုပ်တဲ့ မိန်းထော် မိန်းထ မှာပဲ လုပ်ခိုင်းတာ ရွာသာသာမှာ လူ ၄၀၀၊ ၅၀၀ က ဘယ်လို လုပ်မလဲ။ ဒါညီမျှမှု မရှိတာဘဲ”ဟုလည်း ပြောဆိုသည်။
ဆွေးနွေးပွဲ ပထမရက်တွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း တို့က မိန့်ခွန်းများ ပြောကြပြီး စာတမ်းများတင်သွင်းကြရန် ပြောဆို ဆွေးနွေးရာတွင် စည်းကမ်းနှင့် စနစ်တကျ ဆောင်ရွက် ရန် ပြောဆိုသွားသည်ဟု ဆိုသည်။
ဆွေးနွေးပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသများ အပါအဝင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့နှင့် နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ပြီး နိုင်ငံရေးစာတမ်း ၂၈ စောင်နှင့် အကြံပြုစာ ၂၃ စောင်၊ စီးပွားရေးစာတမ်း ၂၇ စောင်နှင့် အကြံပြုစာ ၉ စောင်၊ မြေယာနှင့် သဘာဝ သယံဇာတ စာတမ်း အစောင် ၃၀ နှင့် အကြံပြုစာ ၁၃ စောင် တို့ ရရှိသည်ဟု သိရသည်။
ဦးစိုင်းအိုက်ပေါင်းက “NLD အစိုးရဖြစ်တော့မှ ရှမ်းပြည်က ဒေသခံက ဝန်ကြီးချုပ်မဖြစ်ဘဲ မြေပြန့်ကလာဖြစ်တာ မဟုတ် သေးဘူး။ သက်ဆိုင်ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ကပဲ ဝန်ကြီးရွေးရပြီး သမ္မတက ခန့်ပေးရမယ်။ သမ္မတ သဘော မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်သဘောပဲ ဖြစ်ရမယ်ဆိုတာ ကျနော်တို့ နိုင်ငံရေး စာတမ်းမှာ အဓိက တင်သွင်းထားပါတယ်” ဟု ပြောသည်။
ပါတီကိုယ်စားလှယ် အများစုက ၎င်းတို့ နိုင်ငံရေးစာတမ်း အသီးသီးတွင် ဖက်ဒရယ် ပြည်ထောင်စုစနစ်ကို တည်ထောင်ရေး၊ ဗဟိုချုပ်ကိုင်မှုစနစ် လျှော့ချပြီး ပြည်နယ်များကို အခွင့်အာဏာ ပေးရေး၊ စီးပွားရေး စာတမ်းများတွင် ဈေးကွက် စီးပွားရေးစနစ်ကို ပိုမိုဖြစ်ထွန်းအောင် လုပ်ပြီး လူနည်းစုက ကြီးစိုးထားသည့် စီးပွားရေး စနစ်ကို လျှော့ချ ပေးရေး အချက်အလက်များ ပါဝင်သည်ဟု ပြောဆိုသည်။
မြေယာနှင့် သဘာဝ သယံဇာတ စာတမ်းများတွင် ပြည်နယ်များမှ တူးဖော်ရရှိသည့် သယံဇာတများကို ဗဟို အစိုးရက အလုံးစုံ ဦးစီးသည့်စနစ်ကို လျှော့ချပြီး ပြည်နယ်များကို လုပ်ပိုင်ခွင့် ပေးရေး အချက်များ ထည့်သွင်း ရေးသား ထားကြ သည် ဟု ဆိုသည်။
ထိုစာတမ်းများကို ဧပြီလ ၂၅ ရက်တွင် ဆွေးနွေးပွဲအတွင်း အတည်ပြုချက်ရယူ ဖတ်ကြားပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်မှု ကော်မတီတို့မှ တဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ထံသို့ ပေးပို့သွားသည်ဟု သိရသည်။
ဝေဖန်မှုများနှင့် ပတ်သက်၍ မေးမြန်းရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့ကို ဧရာဝတီက ဆက်သွယ်ရာ ဖြေကြားခြင်း မရှိပါ။
ငြိမ်းချမ်းရေး ကော်မရှင်ကို ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီမှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကော်မတီ ၅ ရပ်ထံသို့ စာတမ်းများ ပေးပို့ကာ ထိုကော်မတီက ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးတွင် ဆွေးနွေးနိုင်ရန် စိစစ်မည်ဖြစ်သည်။
တနိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA)အရ အစိုးရနှင့် NCA စာချုပ် ချုပ်ဆိုထား သည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် ပြည်ထောင်စုအဆင့် ညီလာခံ -၂၁ရာစု ပင်လုံ အစည်းအဝေး တခုနှင့် တခု ကြားတွင် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမည် ဖြစ်သည်။
ထို့နောက် အစိုးရက ဦးစီးပြီး ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရမည် ဖြစ်သည်။
လက်ရှိတွင် ရှမ်းပြည်နယ်အတွင်း ဒေသအလိုက် အမျိုသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြီးစီးပြီ ဖြစ်သော်လည်း လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပရသေးပါ။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် တောင်ပိုင်း (RCSS/SSA) က ကိုယ်စားလှယ်များ သွားလာ တည်းခိုရ လွယ်ကူစေရေးအတွက် လူမျိုးအလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ တွင် ကျင်းပခွင့်ပြုရန် အစိုးရကို တောင်းဆိုရာ တပ်မတော်က ခွင့်မပြုသဖြင့် နေရာ အခက်အခဲကြောင့် ယနေ့အထိ မကျင်းပနိုင်ကြောင်း သိရသည်။