မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းကျော်ဇော၏ ရုံးခန်း ဖောက်ထွင်းခံရပြီး မီးခံသေတ္တာ အလုံးလိုက်ပျောက်ဆုံးခဲ့ကြောင်း သိရသည်။
ဝန်ကြီး ဦးစိုင်းကျော်ဇော က “မနေ့ကမှ ကျနော် ဘန်ကောက်က ပြန်ရောက်တယ်၊ ရုံးခန်းကို ရောက်ရောက်ချင်း ကြည့်လိုက်တော့ ရုံးခန်းက ဖောက်ခံထားရတယ်၊ မီးခံသေတ္တာ အလုံးလိုက်ပါသွားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဖောက်ထွင်းခံရမှုကို ဧပြီ ၂၄ ရက်က တွေ့ရှိရခြင်းဖြစ်သော်လည်း လုံခြုံရေးအရတပ်ဆင်ထားသော CCTV ကင်မရာ များကို မှတ်တမ်း မရှိစေရန် ကြိုးစားထားမှုမှာ ဧပြီ ၂၀ ရက်နေ့က ဖြစ်ကြောင်း၊ ထိုနေ့တွင်ပင် ဝင်ရောက် ခိုးယူသွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း ဝန်ကြီးက ခန့်မှန်း ပြောဆိုသည်။
ဖောက်ထွင်းသူသည် ရုပ်သံမှတ်တမ်းများ ကျန်ရှိမနေစေရန်အတွက် ဧပြီလ ၂၀ နေ့ မနက် ၃ နာရီခန့်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးရှေ့ရှိ ဓာတ်တိုင်တွင် တပ်ဆင်ထားသည့် CCTV ကင်မရာကို တုတ်ဖြင့် အပေါ်ဘက်သို့ ထိုးလှန်ထားကြောင်း၊ ယင်းသို့ ကြိုတင်ပြင်ဆင်ပြီးမှ ဝင်ရောက် ခိုးယူခြင်း ဖြစ်ဖွယ်ရှိသည်ဟု ဆိုသည်။
မီးခံသေတ္တာ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ဝန်ကြီး ဦးစိုင်းကျော်ဇော က “ အရေးကြီးတဲ့ ဘာစာရွက်စာတမ်းမှ မထားဘူး။ ကိုယ်ပိုင် ပစ္စည်းနဲ့ ငွေသားပဲ ထားတယ်။ အစိုးရငွေ ဘာမှမပါသွားဘူး။ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန အနေနဲ့ ဘာမှ သုံးပိုင်ခွင့်လည်း မရှိဘူး။ သုံးလည်း မသုံးရပါဘူး။ လုပ်တဲ့သူက အတွင်းလူပဲ ဖြစ်မယ်ထင်ပါတယ်။ CCTV ကို ဝါးလုံးနဲ့ အပေါ်ကို ထိုးလှန်သွားတယ် ဆိုတော့ CCTV နဲ့ နီးစပ်တဲ့သူလည်း ဖြစ်နိုင်တယ်။ လောလောဆယ် အမှုမဖွင့်ရသေးဘူး” ဟု ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပက်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးဝင်းကြည်က “ အစိုးရအဖွဲ့ရုံးဆိုတာ တော်ရုံလူ ဝင်ထွက်ရဲတဲ့နေရာမျိုး မဟုတ်ဘူး။ အဲဒီတော့ အခုလို ဖောက်ထွင်းခံရတဲ့ အဆင့်အထိ ဖြစ်လာပြီဆိုတော့ အစိုးရအဖွဲ့ ဘာလဲဘယ်လဲဆိုတာသိဖို့ လိုအပ်လာပြီလို့ ကျနော်မြင်တယ်” ဟု ပြောသည်။
အလားတူ မန္တလေးမြို့ခံ သတင်းထောက်တဦးဖြစ်သည့် ကိုရွှေမန်းက “ မန္တလေးမြို့မှာ အခုနောက်ပိုင်း လမ်းပေါ်မှာ ဆိုင်ကယ်နဲ့ လုယက်နေကြတာတွေ များလာတယ်။ အိမ်ထဲဝင် အနုကြမ်းစီးတာတွေလည်း ရှိတယ်။ နောက်သူခိုးက အိမ်ရှေ့မှာထားတဲ့ ဆိုင်ကယ်ခိုးတာ၊ ဟော အခုကြားလို့မှမကောင်း တိုင်းအစိုးရဝန်ကြီးရုံးခန်း မီးခံသေတ္တာ အခိုးခံရပြန်ပြီ” ဟု ပြောသည်။
ဖောက်ထွင်းခံရမှု ဖြစ်စဉ်နှင့် ပတ်သက်၍ ဧပြီ ၂၄ ရက် နံနက်ပိုင်းက မန္တတိုင်း အမှတ် (၁) နယ်မြေရဲတပ်ဖွဲ့နှင့် မန္တလေးတိုင်း မှုခင်းတပ်ဖွဲ့ (CID) လာရောက်စစ်ဆေး ဆောင်ရွက်ခဲ့ပြီး တရားခံ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝန်ကြီး ဦးစိုင်းကျော်ဇောက “လုံခြုံရေးနဲ့ ပက်သက်ပြီး အရင်အစိုးရ အဆက်ဆက် ကတည်းက ဝင်ထွက်သွားလာနေကြပုံစံပဲ သွားလာနေကြတာပါ။ ဒါကို ကျနော်တို့ တခါတင်ပြဖူးပါတယ်။ ရုံးအဖွဲ့အတွင်း ဝင်တာထွက်တာတွေကို ဝင်ခွင့်ကတ်တွေ လုပ်ဖို့၊ အမြဲဝင်ထွက် နေရသူတွေ အတွက် စမတ်ကတ်တွေ လုပ်ဖို့ တင်ပြခဲ့တယ်၊ အခုတော့ လုပ်တော့မယ်လို့ ကြားတယ်” ဟု ပြောသည်။
ယခုနှစ်ဆန်းပိုင်းက တိုင်းအစိုးရအဖွဲ့ရုံးနှင့် ကပ်လျက်ရှိသည့် မန္တလေးတိုင်း အထွေထွေအုပ်ချုပ်ရေးရုံးခန်း သော့ဖျက်ခံရပြီး လက်ကိုင်ဖုန်းတလုံး ပျောက်ဆုံးမှု ဖြစ်ပွားခဲ့မှုရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။