သင်္ကြန်ကာလအတွင်း ရန်ကုန်၏ မိုင်းရှင်းလင်းရေးတပ်စုအဖွဲ့ဝင် အယ်ဇေးရှင်း အမျိုးအစား အသက် ၅ နှစ် ၄ လအရွယ် မိုင်းရှာခွေး တပ်ကြပ်ကြီး မိုက်ကယ် သေဆုံးပြီးနောက် မြန်မာနိုင်ငံမှ မိုင်းရှာခွေးများ စောင့်ရှောက်ရေးအတွက် ပရဟိတအဖွဲ့ တဖွဲ့ကို ဖွဲ့စည်း ထူထောင်မည် ဖြစ်ကြောင်း သိရသည်။
တပ်ကြပ်ကြီး မိုက်ကယ်သည် အစာအိမ်သွေးကြောပေါက်ပြီး ဧပြီလ ၁၅ ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။ ရန်ကုန်၏ မိုင်းရှင်းတပ်စုတွင် မိုင်းရှာခွေးအဖြစ် မိုက်ကယ်တကောင်တည်းသာ ရှိခဲ့ကာ ဆက်တိုက် တာဝန်ထမ်းဆောင်ခဲ့ရခြင်းကြောင့် အလွန်အမင်း ပင်ပန်းကာ ကျန်းမာရေး ထိခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မိုက်ကယ်၏ အစောင့်အရှောက်မိသားစု ဒုတပ်ကြပ် ကိုအောင်ဖိုက်နှင့် ဇနီးက ပြောပြသည်။
ရဲရင့်သော ခွေးများအတွက် (For Brave Dog) အမည်ရှိ မိုင်းရှာခွေးပရဟိတအဖွဲ့ကို ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင်က အခြား ခွေးချစ်သူများနှင့် အတူ စတင်ထူထောင်ရန် စီစဉ်ခဲ့ပြီး မိုက်ကယ်သေဆုံးသည့် တလမြောက်နေ့ (မေလ ၁၅ ရက်နေ့) တွင် အများပြည်သူသို့ တရားဝင် အသိပေးကာ အလှူငွေများ စတင် လက်ခံမည် ဖြစ်ကြောင်း သိရသည်။ ထိုအဖွဲ့၏ အမှတ်တံဆိပ် အဖြစ် မိုက်ကယ်၏ ဓာတ်ပုံကို အသုံးပြုမည်ဟုလည်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောသည်။
မိုက်ကယ်အား ထိန်းသိမ်း စောင့်ရှောက်ခဲ့သည့် ဒုတပ်ကြပ်ကိုအောင်ဖိုက်နှင့် မိသားစုကို မိုက်ကယ်၏ စရိတ်အတွက် လစဉ် ထောက်ပံ့ကြေး အဖြစ် အစိုးရက ကျပ်ငွေ ၄၀၀၀၀ သာပေးခဲ့ကြောင်းလည်း သိရသည်။ သင်တန်းကျောင်းဆင်း မိုင်းရှာခွေးများသည် သေချာစွာ ပြုစုစောင့်ရှောက်ရန် လိုအပ်သည့် ခွေးမျိုးစိတ် အမျိုးအစားများ ဖြစ်ပြီး ထိုခွေးများအတွက် အစိုးရ၏ ထောက်ပံ့ကြေးမှာ ၎င်းတို့၏ အစားအစာ စရိတ်အတွက်ပင် လုံလောက်ခြင်း မရှိနိုင်ကြောင်း မကြည်ဖြူသျှင် က ပြောသည်။
“မိုက်ကယ်ကို အကြောင်းပြုပြီးတော့ တခြားသော မိုက်ကယ်ကြီးကဲ့သို့သော တိုင်းပြည်အတွက် တန်ဖိုးရှိတဲ့ အများအတွက် လုပ်ပေးနေတဲ့ ခွေးလေးတွေကို စောင့်ရှောက်ဖို့အတွက် ဖွဲ့ဖြစ်သွားတာပါ” ဟု မကြည်ဖြူသျှင် က ဧရာဝတီကို ပြောသည်။
ယင်းအဖွဲ့သည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ စစ်ဘက်ရေးရာ လုံခြုံရေး အတတ်သင်ကျောင်းဆင်း မိုင်းရှာခွေးများကို တကောင်လျှင် လစဉ် ကျပ်ငွေ ၃၀၀၀၀ ထောက်ပံ့မည် ဖြစ်ပြီး ငွေကြေး လှူဒါန်းမှု အပြင် တိရစ္ဆာန် ဆေးကုဆရာဝန်များ၏ အကူအညီဖြင့် တာဝန်ထမ်းဆောင်နေသောခွေးများအတွက် လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပေးမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ယခုအခါ လက်ရှိတာဝန်ထမ်းဆောင်နေသော မိုင်းရှာခွေးများအတွက် လစဉ် ၃၀၀၀၀ ကျပ်ကို ပင်တိုင်လှူဒါန်းမည့် အလှူရှင် ကိုယ်စီရှိထားပြီ ဖြစ်သဖြင့် ဆက်လက်ကောက်ခံ ရရှိလာမည့် အလှူငွေများကို ပဒေသာပင် ရံပုံငွေအဖြစ် ဘဏ်တွင် အပ်နှံထားမည်ဖြစ်ပြီး ခွေးများအတွက် ဝေယျာဝစ္စ လိုအပ်သည်များအတွက် ဘဏ်အတိုးကိုသာ လစဉ်ထုတ် သုံးစွဲသွားမည်ဖြစ်ကြောင်း မကြည်ဖြူသျှင်က ပြောသည်။
အလှူငွေ စာရင်းဇယားများကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိဖြင့် ပုံမှန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသည်။
“ဒီခွေးလေးတွေဟာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေတယ်ဆိုတာကို သိချင်မှ သိမယ်။ သို့သော် သခင်စကားကို မြေဝယ်မကျ နားထောင်ပြီးတော့ သူတို့ လုပ်ပေးတယ်။ ဒီခွေးတွေရဲ့ လိမ္မာမှုက တိုင်းပြည်အတွက် အများကြီး အကျိုးရှိတယ်” ဟုလည်း မနှစ်က ရန်ကုန်တွင် ဖောက်ခွဲ ပစ္စည်းများကို ရှာဖွေရာတွင် တပ်ကြပ်ကြီး မိုက်ကယ်က ကူညီရှာဖွေပေးခဲ့သည့် ဖြစ်စဉ်ကို ကိုးကားပြောပြသည်။
မိုက်ကယ်သည် မိုင်းရှင်းလင်းရေးအဖွဲ့တွင် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ၄ နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား၏ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံခရီးစဉ်လမ်းကြောင်း ၊ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်၊ နိုင်ငံတော်အဆင့် အခမ်းအနားများ၊ သမ္မတနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရန်ကုန်ခရီးစဉ်များ၊ ဘောလုံးပွဲများ၊ ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲများ အပါအဝင် ရန်ကုန်နှင့် နေပြည်တော်တွင် ကျင်းပခဲ့သည့် အရေးကြီး အခမ်းအနားများ အပါအဝင် အခမ်းအနားပေါင်း ၆၀၀ နီးပါးအတွက် တာဝန်ထမ်းဆောင်ပေးခဲ့သည် ဒုတပ်ကြပ် ကိုအောင်ဖိုက် က ပြောပြသည်။
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့အာဏာပိုင်များသည် ပြီးခဲ့သည့်အပတ်က အဝါရောင် လက်ဗရတ်ဒေါ အမျိုးအစား ခွေး ၂ ကောင် ဝယ်ယူခဲ့ပြီး မင်္ဂလာဒုံ စစ်ဘက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်းတွင် သြဂုတ်လမှစတင်ကာ ခြောက်လခန့် လေ့ကျင့်ရေး သင်တန်း သွားရောက်ရမည် ဖြစ်သည်။
တပ်မတော်၊ ရဲတပ်ရင်းများနှင့် Criminal Investigation Department (CID) တို့က ထိန်းသိမ်းစောင့်ရှောက်ထားသည့် သင်တန်းဆင်း ခွေးများအပြင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ မိုင်းရှင်းလင်းရေး တပ်စုများတွင် တာဝန် ထမ်းဆောင်နေသော မိုင်းရှာခွေး အားလုံးပေါင်း ၄ ကောင်သာ ရှိပြီး ရန်ကုန်တွင် တပ်ကြပ်ကြီး မိုက်ကယ်၏ တာဝန်များကို ၁ နှစ်ခွဲ အရွယ် အမဲရောင် လက်ဗရတ်ဒေါခွေး တပ်သားရမ်ဘိုက ယာယီထမ်းဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။