ရွှေထည်အခွန် ကောက်ခံရန် အခွန်တံဆိပ်ခေါင်းများကို ရွှေဆိုင်များသို့ ဖြန့်ဝေထားမှု မရှိသေးသော်လည်း ရန်ကုန်မြို့တွင်း ရှိ ရွှေဆိုင်အချို့တွင် ရွှေထည်အခွန် ကောက်ယူမှုများ ရှိနေကြောင်း ပြည်တွင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ရွှေထည်အခွန်များကို ဧပြီ ၁ ရက်နေ့မှ စတင်ကောက်ခံမည်ဟု ကြေညာထားသော်လည်း တံဆိပ်ခေါင်းများ မရရှိသေး၍ ရွှေထည်အခွန် မကောက်ခံသေးသော်လည်း ရန်ကုန်မြို့အတွင်းရှိ ရွှေဆိုင်အချို့တွင် တံဆိပ်ခေါင်း မကပ်ဘဲ အခွန် ကောက်ခံနေကြောင်း တိတ်စိန် ရွှေဆိုင်ပိုင်ရှင် ကိုဇော်အောင်က ပြောသည်။
ကိုဇော်အောင်က “အခုချိန်ထိ အခွန်တံဆိပ်ခေါင်းတွေ မပြီးတော့ မကောက်တဲ့ဆိုင်က မကောက်၊ ကောက်တဲ့ဆိုင်က ကောက်နေပြီ။ ကျနော်တို့ဆိုင်တွေ မကောက်သေးပါဘူး။ မကောက်တဲ့ဆိုင်က အများစု ဖြစ်ပါတယ်။ အခုကောက်နေတဲ့ ဆိုင်တွေက ဥပမာ ရွှေထည် ကျပ် ၅ သိန်းဖိုး လာလုပ်တယ်။ ဘောင်ချာမှာ ၅ သိန်း ၅ ထောင် ကျပ် ရေးပြီး အခွန်တံဆိပ် ခေါင်း မကပ်ဘဲ ကောက်နေကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ရွှေထည်အခွန် ကောက်ယူရာတွင် ကျပ် ၁ သိန်းဖိုး ဝယ်ယူလျှင် ၁ ထောင်ကျပ်တန် အခွန်တံဆိပ်ခေါင်း၊ ကျပ် ၅သိန်းဖိုးခန့် ဝယ်ယူလျှင် တံဆိပ်ခေါင်း ၅ ထောင်ကျပ်တန် နှင့် ကျပ် ၁၀ သိန်းဖိုးခန့် ဝယ်ယူလျှင် ကျပ် ၁ သောင်း တန် အခွန် တံဆိပ်ခေါင်း ကပ်၍ အခွန်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ရွှေထည် ဝယ်ယူသူများကို ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်နေ့မှ စတင်ပြီး အခွန် ၁ ရာခိုင်နှုန်း ကောက်ယူမည်ဟု ကြေညာ ထားသော်လည်း တံဆိပ်ခေါင်းများ ရိုက်နှိပ်မှု မပြီးသေးသောကြောင့် မေလဆန်းပိုင်းမှသာ ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။
ရွှေထည်များ အခွန်ကောက်ခံခြင်းကို ၁၉၉၀ ခုနှစ်မှ စတင်၍ ယခင်ပြဋ္ဌာန်းထားသော အကောက်ခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ကောက်ခံခဲ့ပြီး ယခု ၂၀၁၇ ခုနှစ် ပြည်ထောင်စု အကောက်ခွန် ဥပဒေအရ ရွှေထည်အခွန် ၁ ရာခိုင်နှုန်းသာ ကောက်ခံသွားမည်ဖြစ်ကြောင်း ယင်း ဦးစီးဌာနမှ သိရသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းထွဋ်က ” ဒီလကတော့ အရင်ကောက်သလိုပဲ ကောက်ထားပေးရမှာ။ မေလထဲလောက်မှ တံဆိပ်ခေါင်း ကပ်ရမှာ ဖြစ်တယ်။ တံဆိပ်ခေါင်းခွန် အမြင့်ဆုံးက ကျပ် ၁ သောင်းတန် ဖြစ်ပါတယ်။ တံဆိပ်ခေါင်း ၅ ထောင်တန်လည်း ပါတယ်။ အစားစား ဖြစ်ပါတယ်’’ဟု ပြောသည်။
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင် ရွှေဆိုင်ပိုင်ရှင် တဦးက ” ကျနော်တို့ ရွှေကုန်သည်တွေက တနှစ်ပြည့်တာနဲ့ ကောက်ထားသည်ဖြစ်စေ၊ မကောက်ထားဘူးဖြစ်စေ အခွန်ဆောင်ရတာပဲ။ ဥပဒေအရ ဆိုရင်တော့ အရင်ကတည်းက ဝယ်သူက အခွန်ဆောင်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မကောက်ကြတာပါ” ဟု ရှင်းပြသည်။
ယနေ့ ပြည်တွင်း ရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၉၀၈၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။